သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲ စစ်ကောင်စီကိုဖိတ်ကြားမှု APHR ကန့်ကွက်


EU ဥရောပသမဂ္ဂ နဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်း အလံများ
EU ဥရောပသမဂ္ဂ နဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်း အလံများ

ဥရောပသမဂ္ဂ (EU) နဲ့ အာဆီယံနိုင်ငံတွေကြား ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားတဲ့အတွက် ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။

EU အာဆီယံ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖိတ်ကြားတာဟာ အသိအမှတ်ပြု လက်ခံရာရောက်နိုင်တယ်လို့ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR) ဒုဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားတာပါ။

စစ်ကောင်စီကို ဖိတ်ကြားချက် ပြန်လည်ရုပ်သိမ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုလက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။ EU ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှုဟာ မြန်မာလူ့အခွင့်အရေးတိုးတက်လာဖို့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံကကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ HRW အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ မနေ့က ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံ အရေးကြီးအစည်းအဝေးတွေမှာ ပါဝင်ခွင့်မပေးသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း အီးယူက ပစ်မှတ်ထားအရေးယူဒဏ်ခတ်ထားတာကြောင့် အခုလို ဖိတ်ကြားမှုဟာ အီးယူနဲ့ အာဆီယံရဲ့ မြန်မာစစ်ကောင်စီနဲ့ပတ်သက်လို့ ထားတဲ့မူဝါဒတွေနဲ့လည်း သွေဖီနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ စစ်ကောင်စီကို ဖိတ်ကြားမှုကြောင့် HRW အပါအဝင် အဖွဲ့တချို့ကတော့ ဒီဆွေးနွေးပွဲမှာ မပါဝင်တော့ဖို့ပါ ဆုံးဖြတ်ထားကြပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှာလည်း စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အခုလို ဖိတ်ကြားတဲ့အတွက် အံဩတုန်လှုပ်မိကြောင်းနဲ့ အခုလို လူ့အခွင့်အရေး ဆွေးနွေးပွဲမျိုးတွေမှာ မြန်မာပြည်သူရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ပဲ ပါဝင်ကျင်းပဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG