သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုတင်သွင်းတဲ့ IIMM အစီရင်ခံစာ လက်မခံကြောင်း စစ်ကောင်စီတုံ့ပြန်


IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ကုလသမဂ္ဂရဲ့ (၅၄) ကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ ပုံမှန်အစည်းဝေးမှာ အစီရင်ခံစာတင်သွင်းစဥ်။
IIMM အကြီးအကဲဖြစ်သူ Nicholas Koumjian မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ကုလသမဂ္ဂရဲ့ (၅၄) ကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ ပုံမှန်အစည်းဝေးမှာ အစီရင်ခံစာတင်သွင်းစဥ်။

ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ IIMM လို့ ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစီရင်ခံစာကို စစ်ကောင်စီက လက်မခံကြောင်း တုံ့ပြန်ခဲ့ပါတယ်။ (၅၄)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ စက်တင်ဘာ (၁၁) ရက်က IIMM အစီရင်ခံစာ တင်သွင်းခဲ့တာဟာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှရေးနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်လို့ အစီရင်ခံစာအပါအဝင် IIMM က ထုတ်ပြန်တာ အားလုံးကို ပြတ်ပြတ်သားသား ပယ်ချကြောင်း စစ်ကောင်စီကို သစ္စာခံတဲ့ ဂျီနီဗာအခြေစိုက် မြန်မာ အမြဲတမ်းမစ်ရှင်က ကြေညာချက်ထဲမှာ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို သီးခြားပစ်မှတ်ထားတဲ့ စုံစမ်းစစ်ဆေးမှုယန္တရားက မြန်မာနိုင်ငံရဲ့ အခြေအနေပိုဆိုးလာဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအရဆောင်ရွက်တာဖြစ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့လုပ်ပိုင်ခွင့်နဲ့ ဒီယန္တရားကို မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီက ပြောပါတယ်။ IIMM ကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းကတည်းက နိုင်ငံအခြေပြုပြီး နိုင်ငံရေးအရ ဒီလို ယန္တရားကို ထူထောင်တာမျိုးက မသင့်လျော်ကြောင်းနဲ့ အန္တရာယ်ရှိတဲ့ ကိုးကားစရာ စံနမူနာဖြစ်ရပ် ဖြစ်သွားမယ့်အကြောင်းကို မြန်မာနိုင်ငံသာမကဘဲ တခြားနိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေကလည်း ပြောခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ EU ဥရောပသမဂ္ဂ အဖွဲ့တွေက ကုလ လူ့အခွင့်အရေးကောင်စီမှာ နှစ်စဉ်နှစ်တိုင်း အစီရင်ခံတင်ပြနေတဲ့ အစီရင်ခံစာ အမှတ်၂ နဲ့ ၄ အရ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံအလိုက် ဆုံးဖြတ်ချက် နှစ်ခုရှိပြီး ဒါတွေဟာ စိတ်ကြိုက် ကြိုးကိုင်ခြယ်လှယ်ထားတဲ့ဆုံးဖြတ်ချက်တွေသာဖြစ်ပြီး လုပ်ကြံဖန်တီးထားတဲ့အစီရင်ခံချက်တွေကိုပဲ ထုတ်ပြန်နေတယ်လို့လည်း စစ်ကောင်စီဘက်ကစွပ်စွဲပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ သဘောဆောင်မှု၊ နိုင်ငံစုံဝါဒ၊ ဘက်မလိုက်မှု စတဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေကို နိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးပြုနေရင် ဘယ်တော့မှ အမှန်တကယ် လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဆောင်ကြဉ်းပေးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

IIMM ရဲ့ အစီရင်ခံချက်မှာတော့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှုတွေ ပိုမြင့်တက်လာနေတယ်လို့ အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG