သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU-ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲ မြန်မာစစ်ကောင်စီကိုဖိတ်ကြားမှု ကန့်ကွက်ခံရ


အောက်တိုဘာ ၃ ရက်နေ့ကျင်းပမယ့် EU ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတဲ့အပေါ် HRW လူ့အခွင့်အရေးအဖွဲ့အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိကတာဝန်ရှိတဲ့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားမှုဟာ မြန်မာလူ့အခွင့်အရေးတိုးတက်လာဖို့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံကကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီကိုယ်စားလှယ််တွေကို အာဆီယံ အရေးကြီးအစည်းအဝေးတွေမှာ ပါဝင်ခွင့်မပေးသလို လူ့အခွင့်အရေးချိုးဖောက်တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း အီးယူက ပစ်မှတ်ထားအရေးယူဒဏ်ခတ်ထားတာကြောင့် အခုလို ဖိတ်ကြားမှုဟာ အီးယူနဲ့ အာဆီယံရဲ့ မြန်မာစစ်ကောင်စီနဲ့ပတ်သက်လို့ ထားတဲ့မူဝါဒတွေနဲ့လည်း သွေဖြည်နေတယ်လို့ ထောက်ပြထားပါတယ်။

အခုလို ကန့်ကွက်တဲ့အထဲမှာ HRW လူ့အခွင့်အရေးအဖွဲ့၊ FIDH နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ်၊ Forum Asia၊ Front Line Defenders၊ Protection International အဖွဲ့တွေပါဝင်ပြီး၊ HRW အပါအဝင် အဖွဲ့တချို့ကတော့ ဒီဆွေးနွေးပွဲမှာ မပါဝင်တော့ဖို့ပါ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှာလည်း စစ်ရာဇတ်မှုနဲ့ လူသားမျိုးနွယ်တခုလုံးအပေါ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို အခုလို EU ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားတဲ့အတွက် အံဩတုန်လှုပ်မိတယ်လို့ ကန့်ကွက်ထားပါတယ်။ အခုလို လူ့အခွင့်အရေးဆွေးနွေးပွဲမျိုးတွေမှာ မြန်မာပြည်သူရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ပဲ ပါဝင်ကျင်းပဖို့လည်း NUG က တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG