မြန်မာ့အရေးကို အဓိက ပြဿနာတရပ်အဖြစ် ထည့်သွင်းဆွေးနွေးနေကြတဲ့ ကျင်းပဆဲ အာဆီယံ ထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေက အပြုသဘောရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို ဆွေးနွေးမေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဒီသတင်းပတ်ထဲမှာပဲ အာဆီယံရဲ့ ထိပ်သီးစည်းဝေပွဲနဲ့ ဆက်စပ်တဲ့ အစည်းအဝေးပွဲတွေ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပနေပါတယ်။ အဲဒီတော့ ဒီအစည်းအဝေးပွဲတွေရဲ့ ရလဒ်တွေကတော့ မထွက်သေးဘူး။ အဲဒီတော့ မြန်မာအရေးကို ဒီအစည်းအဝေးပွဲမှာ ဘယ်လောက်အထိ မျှော်လင့်နိုင်သလဲဆိုတာကို မပြောခင်မှာ၊ ဒီအစည်းအဝေးပွဲတွေက ဘယ်လောက်အထိ အရေးကြီးပါသလဲ။
ဖြေ ။ ။ မင်္ဂလာပါ မြသဇင်။ သိပ်အရေးကြီးတဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်။ အစည်းအဝေးပွဲပေါင်း မြောက်မြားစွာပါပဲ။ ဒီမှာတောင် list လုပ်ထားတာ ASEAN Business & Investment Summit - အာဆီယံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ထိပ်သီး။ နောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ရှိတယ်။ ASEAN-Indo-Pacific Forum ဆိုတာ ရှိတယ်။ အဲဒါ သိပ်အရေးကြီးတဲ့ အစည်းအဝေးပါ။ အဲဒါပြီးတော့ ASEAN Plus Three ဆွေးနွေးဘက် နိုင်ငံတွေနဲ့ အာဆီယံအစည်းအဝေးပွဲ ရှိတယ်။ နောက်ပြီးတော့ East Asia Summit အရှေ့အာရှ ထိပ်သီးစည်းဝေပွဲ ရှိတယ်။ ဒီအပတ် လွန်သွားပြန်ရင် အိန္ဒိယမှာ G20 Summit ဆိုတဲ့ အစည်းအဝေး ရှိပါတယ်။
သိပ်အရေးကြီးတဲ့ အစည်းအဝေးတွေ ဖြစ်ပါတယ်။ အကြောင်းအရာတွေလည်း ဒီမှာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံ အကြောင်းအရာတွေလည်း ဒီမှာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအကြောင်းအရာ အပါအဝင် ဒေသတွင်း၊ နိုင်ငံရေး အခြေအနေ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် စသည်ဖြင့် အကြောင်းအရာစုံ ဆွေးနွေးကြမှာ ဖြစ်တယ်။ အဓိက နိုင်ငံရေးကတော့ ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို အမေရိကန်ရဲ့ ဟန့်တားလိုတဲ့ ဆန္ဒသာ ဖြစ်ပါတယ်။ သို့ပေမဲ့လဲ အာဆီယံရဲ့ အနေအထားကတော့ မြန်မာ့အရေးကို အာဆီယံက တကယ်ထဲထဲဝင်ဝင် ကိုင်တွယ်ပြီး ဖြေရှင်းနိုင်မှ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အချက်အချာကြတယ်ဆိုတာကို အသိအမှတ်ပြုနိုင်မယ်။ အခုကတော့ အာဆီယံက ဒီလို ဖြေရှင်းနိုင်တဲ့ အလားအလာ မရှိဘူးဆိုပြီးတော့၊ သမ္မတဘိုင်ဒန်တောင် ဒီအာဆီယံအစည်းအဝေးကို လာမတက်ဘူးဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ ပညာရှင်တချို့က ဝေဖန်ကြတယ်။ အဲဒါဟာ အာဆီယံရဲ့ အရေးပါမှုကို undermine လုပ်တာ၊ ထိပါးစေတယ်၊ လျော့နည်းသွားစေတယ်၊ အချက်အခြာ မကျဘူးဆိုတဲ့သဘော။
ဒါပေမဲ့ သမ္မတဘိုင်ဒန်က အိန္ဒိယမှာလုပ်တဲ့ G20 ကို တက်မယ်။ တက်ပြီးတော့ အဲဒီကနေ ဗိယက်နမ်ကိုတော့ သွားတွေ့မယ် တနိုင်ငံချင်းဆိုတော့ အာဆီယံအဖွဲ့ဝင်တွေ နိုင်ငံထဲမှာမှ ဗိယက်နမ်ကို တနိုင်ငံတည်းဆွဲထုတ်ပြီးတော့ သွားတွေ့တဲ့သဘော ဖြစ်နေတယ်ဆိုတော့ အာဆီယံရဲ့ အရေးပါမှုကို ထားလိုက်တော့ ငါ့ဟာငါပဲ လုပ်မယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဗိယက်နမ်က ထူးထူးခြားခြား အမေရိကန်နဲ့ ရင်းနှီးလာတယ်ဆိုတော့ တရုတ်နဲ့လည်း သိပ်နီးကပ်တယ်ဆိုတော့ အဲဒီကိစ္စကိို သူက ဗိယက်နမ်ကို သွားပြီးတော့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုနဲ့ technology နည်းပညာပိုင်း အကူအညီပေးဖို့ဆိုပြီး သွားမယ်လို့ စီစဉ်ထားတာကို တွေ့ရပါတယ်။ သိပ်အရေးကြီးတဲ့ အစည်းအဝေးတွေပါပဲ။ သို့သော်လဲ မြန်မာ့အရေးနဲ့ ပတ်သက်လိို့ အာဆီယံရဲ့ အခန်းကဏ္ဍကို သိပ်ပြီးတော့ အလေးထားပြီးတော့ မတွက်ကြဘူးဆိုတဲ့သဘော တွေ့ရပါတယ်။
မေး ။ ။ ဒီနေရာမှာ သုံးသပ်တဲ့လူတွေ ပြောနေကြတာတော့ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့က ကာလရှည်ကြာ နည်းနည်းဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်တယ်။ ဒီလိုအကြောင်းအရာတွေထဲမှာ မြန်မာအရေးက ဘယ်လောက်အထိ အရေးကြီးပါသလဲ။ ဘာတွေမျှော်လင့်နိုင်ပါသလဲ။
ဖြေ ။ ။ မြန်မာ့အရေးက အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ပြဿနာ ဖြစ်နေတာက စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်လာနေတာ အခြေအနေတွေက တနေ့တခြား ဆိုးလာတယ်။ ဒါပေမဲ့ ဒီဟာကို ကိုင်တွယ်ဖြေရှင်းဖိို့အတွက် အာဆီယံမှာက အဓိက အားနည်းချက်တွေ ရှိနေပါတယ်။ အာဆီယံရဲ့ အားနည်းချက်မှာ လူတိုင်းပြောနေကြတာကတော့ သူတို့ရဲ့ အခြေခံမူ (၂) ခုဖြစ်တဲ့ Consensus အားလုံးသဘောတူညီမှ လုပ်နိုင်မယ်ဆိုတာနဲ့ နောက်တခုက တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ဝင်မစွက်ရဆိုတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီဟာနှစ်ခုက အဓိက။ တချို့ကလည်း သုံးသပ်ကြတာက အာဆီယံမှာ ဒါ့အပြင် အာဆီယံနိုုင်ငံတွေက သူ့ national interest အမျိုးသားအကျိုးစီးပွားကို regional interest ထက် ပိုပြီးတော့၊ ဒေသအကျိုးထက် ပိုပြီးတော့ အလေးပေးချင်တာ ဖြစ်တယ်။ နောက်ပြီးတော့ ခေါင်းဆောင်မှုက (၁) နှစ် (၁) ခါ ပြောင်းနေတယ်ဆိုတော့ ခေါင်းဆောင်မှုက တိတိကျကျ၊ ထက်ထက်မြက်မြက် မရှိဘူး။ နောက် စီမံခန့်ခွဲတဲ့ ရုံးလုပ်ငန်းတွေမှာလည်း အာဆီယံက ညံ့ဖျင်းတယ်ဆိုတဲ့ ဝေဖန်ကြတာတွေ အများကြီး ရှိပါတယ်။ အာဆီယံမှာ အဲဒီမူနှစ်ခုနဲ့ အားနည်းချက်တွေ ရှိနေတော့၊ သိပ်ပြီးတော့ မမျှော်လင့်ကြပါဘူး။ အခုထိ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဘာမှ သူတိို့ မကိုင်တွယ်တာ၊ မလုပ်နိုင်တာကို တွေ့ရပါတယ်။
မေး ။ ။ ဟုတ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အာဆီယံအနေနဲ့ ဘာမှ သိပ်ပြီးတော့ တတ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်။ တကယ်ကော မတတ်နိုင်တော့ဘူးလား။ ဘာတွေ မျှော်လင့်နိုင်ပါသေးသလဲ။
ဖြေ ။ ။ အဲဒီမူနှစ်ခုကို ပြင်ဖို့က အဓိကကျပါတယ်။ အခု အင်ဒိုနီးရှားအိမ်ရှင်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Marsudi ပြောတယ်။ အာဆီယံမှာ ကမ္ဘာ့အခြေအနေအရ ရုတ်တရက် ဆွေးနွေးရမယ့် အကြောင်းအရာတွေ ရှိလာတယ်။ ဒီအချိန်မှာ consensus ကို လိုက်စုစည်းလိုက်အုံးမယ်၊ ဘယ်လိုသဘောရသလဲဆိုတာကို တနိုင်ငံချင်း ညှိမနေနိုင်ဘူး။ ရုတ်တရက် ဆုံးဖြတ်ရမယ့်ကိစ္စတွေ ရှိလာတယ်။ အဲဒီအတွက်ကြောင့် ဒီဟာကို ငါတို့ ပြင်သင်တယ်ဆိုတဲ့ သဘောမျိုး။ တနည်းအားဖြင့်ပြောရင် consensus တို့ကို သူက စိန်ခေါ်ချင်တဲ့သဘော၊ ဒါကို ပြုပြင်ချင်တဲ့သဘောဆိုပြီး လမ်းကြောင်းပြောတာကို ဝေဖန်ပြောဆိုသွားတာကို တွေ့ရပါတယ်။
နောက်တချို့ပညာရှင်တွေ၊ ပညာရှင်တွေဆိုတာ ထိုင်းနိုင်ငံ ချူလာလောင်ကွန်ပါမောက္ခ Thitinan ရဲ့ သုံးသပ်ချက်တခုလည်း တွေ့ပါတယ်။ အာဆီယံမှာ တကယ် အာဆီယံရဲ့ အချက်အခြာကျမှု centrality ကို တကယ်ခိုင်ခိုင်မာမာ လုပ်ချင်တယ်။ နိုင်ငံတကာက ဒေသတွင်းအရေးနဲ့ ပတ်သက်ပြီး အာဆီယံကို အားကိုးချင်တယ်ဆိုရင် ဒီမူတွေကို ပြင်ရမယ်။ မပြင်ရင်တောင်မှ သူက သိမ်သိမ်မွေ့မွေ့နဲ့ ဆောင်ရွက်နိုင်တဲ့ နည်းတော့ ရှာရမယ်လို့ လူတိုင်းက ပြောနေကြပါတယ်ဆိုတော့ အာဆီယံကို တချို့ဆိုရင် Bertil Lintner ဆိုရင် ASEAN is dead အာဆီယံက ဘာမှအသက်မရှိဘူး။ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူက အချက်အလက်တွေနဲ့ ထောက်ပြတယ်။ အင်ဒိုနီးရှားက အရှေ့တီမော်ကို ကျူးကျော်ခဲ့တဲ့ ကာလတုန်းကတည်းက ဒေသတွင်းဖြစ်တဲ့ ပြဿနာတွေကို အာဆီယံက ဘာမှဖြေရှင်းနိုင်ခဲ့တာ မရှိဘူး။ ဒီမူနှစ်ခုကြောင့်ဆိုပြီး ပြောနေကြတယ်ဆိုတော့ ဒီမူနှစ်ခုကို ပြင်နိုင်ဖို့ဆိုရင်တော့ အလားအလာကောင်းမယ်လို့ ထင်ပါတယ်။ အဲဒါလဲ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်လာမှာပဲ သိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်တော့ အားတက်စရာ မကောင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မေး ။ ။ ပြင်ဖို့အခြေအနေကော ရှိပါ့မလား။
ဖြေ ။ ။ အဲဒါက အခုနပြောတဲ့ အခြေအနေပေါ့။ အဲဒါကို ဘယ်လိုလုပ် ပြင်မလဲ။ ပြင်ဖို့အခြေအနေက တခုရှိတာကတော့ အာဆီယံ မူလတည်ထောင်တုန်းက အာဆီယံက ၁၉၆၇ ခုနှစ်မှာ တည်ထောင်ခဲ့စဉ်တုန်းက အာဆီယံဟာ အရှေ့တောင်အာရှမှာ ငါးနိုင်ငံ အဓိက ပါဝင်ခဲ့တယ်။ အဲဒီငါးနိုင်ငံက အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင် တို့ ပါဝင်ခဲ့တယ်။ အဲဒီမတိုင်ခင်က အရှေ့တောင်အာရှမှာ SEATO နေတိုးအဖွဲ့လိုပဲ The Southeast Asia Treaty Organization (SEATO) ဆိုပြီး၊ အမေရိကန်နဲ့ ကွန်မြူနစ် ဆန့်ကျင်တဲ့ အနောက်ဒီမိုကရေစီနိုင်ငံကြီးတွေက ဖွဲ့ခဲ့တယ်။ နောက်တော့ SEATO ကို ရုတ်သိမ်းပြီးနောက် အာဆီယံ ပေါ်လာတယ်။ တချို့က အာဆီယံသည် SEATO ကို non-military version စစ်ရေးမပါဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုပြီး မှတ်ချက်ချကြတာ ရှိပါတယ်။ ဒီ ငါးနိုင်ငံကတော့ ဒေသတွင်း တိုးတက်မှုအတွက်၊ ဒေသတွင်း တည်ငြိမ်ရေး ဘာညာဆိုပြီးတော့ ပြောတယ်။ ဒီငါးနိုင်ငံက အကုန်လုံး တပေါင်းတစည်းတည်း ဖြစ်လာရင် ပြင်ကောင်းပြင်နိုင်မယ်လို့ ယူဆကြတယ်။ ဥပမာအားဖြင့် ထိုင်းမှာ အစိုးရသစ် တက်လာတယ်။ အဲဒီတက်လာတဲ့ အစိုးရက International standing သူ့ရဲ့ နိုင်ငံတကာ ရပ်တည်ချက်ကို ပြန်ပြီးတော့ တည်ဆောက်မယ်လို့ ပြောတာကို ပါမောက္ခ Thitinan က ဒါဟာဖြင့်ရင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့လည်း သူဟာ ဒီမိုကရေစီကျကျ ရပ်တည်မယ့်သဘော ရှိတယ်။ ဒါကြောင့် မူလ ငါးနိုင်ငံဟာ တပေါင်းတစည်းတည်း ရပ်တည်မယ်ဆိုရင်တော့ အလားအလာကောင်းမယ်ဆိုပြီးတော့ သုံးသပ်ပါတယ်။ ပြင်နိုင်မယ်လို့တော့ မပြောဘူး။ အလားအလာ ကောင်းတယ်လို့တော့ သုံးသပ်ထားတာကို တွေ့ရပါတယ်။ Wait and see စောင့်ကြည့်ပေါ့။
မေး ။ ။ နောက်တခုက ကမ္ဘာပေါ်မှာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဥရောပသမဂ္ဂ၊ အာဖရိကသမဂ္ဂ အဲဒီလိုမျိုးတွေ ရှိပါတယ်။ ဥပမာပြောရရင် နိုင်ဂျာမှာ အာဏာသိမ်းတော့ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာ အာဖရိကသမဂ္ဂကနေ ထဲထဲဝင်ဝင် ဝင်ပြီးတော့ စွက်ဖက်တာ ရှိတယ်။ ပြောဆိုတာ ရှိပါတယ်။ အာဆီယံကတော့ အဲဒီလိုမျိုး မြန်မာ့အရေးမှာ တင်းတင်းမာမာ ပြောတာကို မတွေ့ရဘူး။ အားနည်းနေတဲ့သဘောပေါ့။ အဲဒါ ဘာကွာနေလို့ပါလဲ။
ဖြေ ။ ။ ကမ္ဘာမှာ ဒေသဆိုင်ရာအဖွဲ့အစည်း regional organizations တွေ၊ နိုင်ငံတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒေသအကျိုးအတွက်။ ပထမဦးဆုံး မြဇင်ပြောသွားတဲ့အထဲမှာ ဥရောပသမဂ္ဂ EU - ဥရောပသမဂ္ဂကိုတော့ ဘယ်လိုမှ ယှဉ်လို့မရဘူး။ ဥရောပသမဂ္ဂက ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာမှာ Super Power ဆိုတဲ့ အင်အားကြီးနိုင်ငံနှစ်ခု ဖြစ်ပေါ်လာတဲ့အခါ၊ ဥရောပခေါင်းဆောင်တွေက ငါတို့ ဥရောပကလည်း United States of Europe ဆိုတာမျိုး ထောင်နိုင်ရင် ပြိုင်နိုင်မယ်ဆိုတာကို ရည်ရွယ်ချက်ထားပြီးတော့ တည်ထောင်ခဲ့ကြတာ။ နောက်တော့ ဘုံဈေးကွက် ထူထောင်တယ်။ ဥရောပသမဂ္ဂဆိုပြီး ဖြစ်လာတယ်။ ဆိုတော့ ဥရောပသမဂ္ဂမှာ အဖွဲ့ဝင်ဖြစ်ဖို့ကိုယ်နှိုက်က ဒီမိုကရေစီ ဖြစ်ရမယ်။ လေးစားလိုက်နာရမယ်။ အများကြီးပါပဲ သူတို့ သတ်မှတ်ထားတာတွေ။ ဒါမှ တယောက်နဲ့တယောက် ကွဲပြားမှုတွေ ဘာမှမရှိပါဘူး။
အာဖရိကသမဂ္ဂကတော့ ဟိုတုန်းကတော့ OAU - Organization of African Unity တုန်းကတော့ သူတို့ရည်ရွယ်ချက်က ကိုလိုနီစနစ်နဲ့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကို ရည်ရွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ၂၀ ရာစု ကုန်ခါနီးကြတော့ အာဖရိကခေါင်းဆောင်တွေက ဒါနဲ့တော့ မလုံလောက်တော့ဘူး။ ဒါထက်ပိုပြီးတော့ အရေးကြီးတာတွေ လုပ်ရမယ်ဆိုပြီးတော့ OAU ကို AU - African Unity ဆိုပြီးတော့ ဖွဲ့စည်းလာကြတယ်။ သူတို့ထဲမှာလည်း ပါတယ်။ သူတို့ထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက constitution ထဲမှာ ရေးထားတာက non-democratic governments of change - အာဏာသိမ်းတာကို လက်မခံဘူးဆိုတဲ့ သဘောပေါ့။ ဒီမိုကရေစီနည်းကျ မဟုတ်သော အစိုးရ အလွဲအပြောင်းကို လက်မခံဘူး။ ဒါပေမဲ့ သူတို့ဆီမှာ အာဏာသိမ်းတာတွေ အများကြီးရှိပါတယ်။ သို့သော်လဲ အဲဒီဟာကို မူထဲမှာ ထည့်ထားပါတယ်။ တချို့ဒေသတွင်း ထိခိုက်လာမယ့် ကိစ္စတွေဆို ငါတို့ ဝင်စွက်မယ် ဘာညာလုပ်တယ်။ အခု Niger မှာလည်း အလားတူပဲ သူတို့က ဝင်စွက်ဖို့ သတိပေးတယ်။ အချိန်ပေးပါ။ သူတို့က သုံးနှစ်တောင်းတယ် ထင်တယ်။ အဲဒါကို ခြောက်လပေးမယ်ဆိုပြီး လုပ်တယ်ဆိုတော့ သူတို့နဲ့ သိပ်ကွာပါတယ်။
အာဆီယံကြတော့ စောစောက ပြောခဲ့သလိုပါပဲ အာဆီယံ မူလ ငါးနိုင်ငံကနေ နောက်ပိုင်းမှာ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ဟာကလည်း စစ်အေးတိုက်ပွဲ ပြီဆုံးတဲ့အခါ ဒီနိုင်ငံတွေကိုလည်း လက်ခံလာကြတယ်။ လာအို၊ ကမ္ဘောဒီးယားတို့ ပါဝင်လာတယ်။ နောက်ပြီးတော့ သက်ဦးဆံပိုင် ဘရူးနိုင်း ပါဝင်လာတယ်။ နောက် မြန်မာနိုင်ငံလို စစ်အာဏာရှင်နိုင်ငံ ပါလာတယ်ဆိုတော့ အကုန်လုံးအမျိုးမျိုး ဖြစ်နေတော့ ပြည်တွင်းရေးကို ဝင်မစွက်ရေးဆိုတဲ့ပေါ် မူတည်ပြီးတော့ ပြောနေကြတယ်ဆိုတော့ ဥရောပသမဂ္ဂ၊ အာဖရိကသမဂ္ဂတို့လို မလုပ်ဆောင်နိုင်ဘူးဆိုတာတော့ အံ့သြစရာ မရှိပါဘူး။ အဲဒါတွေကို ပြင်မှပဲ သူတိို့ကို ယှဉ်လို့ရမယ်လို့ ထင်ပါတယ်။
မေး ။ ။ နောက်ဆုံးမေးချင်တာ တခုပါ။ မြန်မာ့အရေးမှာ အာဆီယံကို အားကိုးလို့ မရနိုင်တော့ဘူးလို့ ပြောနိုင်ပါသလား။
ဖြေ ။ ။ ပြောဖို့ခက်ပါတယ်။ အခု ကျင်းပနေတဲ့ အစည်းအဝေးတောင်မှ မပြီးသေးတော့ အစည်းအဝေး ပြီးရင်တော့ ပေါ်ကောင်ပေါ်လာနိိုင်တယ်။ ဒါပေမဲ့ ကျနော် ပုဂ္ဂိုလ်ရေးအားဖြင့် ကျနော်တင်မကဘူး၊ လူတော်တော်များများက သိပ်တော့မမျှော်လင့်နိုင်ကြဘူးလို့ ထင်ပါတယ်။ အခု အာဆီယံထဲမှာ မလေးရှားတိို့က ပြင်းပြင်းထန်ထန် ဘယ်လိုလုပ်ရမယ်။ တနိုင်ငံချင်း သိပ်အာကျယ်တာပဲ။ အာဆီယံကိစ္စကို ကျနော်ကိုယ်တိုင်လည်း သတင်းလိုက်ခဲ့ဖူးပါတယ်။ အာဆီယံအစည်းအဝေးတွေကို (၂) နှစ် (၃) နှစ်လောက်။ အဲဒီတုန်းက အာဆီယံခေါင်းဆောင်တွေကို ခင်များတို့က တဦးချင်းကြတော့ သိပ်ဟုတ်တာပဲ။ ဟုတ်တယ် - သူတို့ တနိုင်ငံချင်းတော့ ပြင်းပြင်းထန်ထန် ဘယ်လိုလုပ်ရမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့မှာ အာဆီယံအနေနဲ့ စုပေါင်းပြီးတော့ ကြေညာချက် Joint Communique လို့ခေါ်တဲ့ ဘုံကြေညာချက် ထုတ်တာ၊ နောက်ဆုံးနေ့မှာ ထုတ်ရပါတယ်။ အဲဒီအခါကြတော့ tone down လုပ်ကြတယ်။ ဟိုကောင်တွေက သဘောမတူလို့၊ ဒီဟာမလုပ်နဲ့ ငါတို့ သဘောမတူနိုင်ဘူး။ ဒီဟာဆို ငါတို့နိုင်ငံ ပြည်တွင်းရေးကိုလည်း ထိခိုက်နိုင်တယ်။ အဲဒါမျိုးတွေ တွေးပြီးတော့ အကုန်လုံး လျှော့လုပ်ကြတော့ joint communique အားလုံးသဘောတူညီတဲ့ ကြေညာချက် ထုတ်ဖို့အတွက် အမြဲတမ်း မြန်မာ့ကိစ္စကြောင့် နှောင့်နှေးနေတာပါတယ်။ ဒီအခါတော့ ဘယ်လိုနေမလဲ မသိဘူး။ ပြီးခဲ့တုန်းကလည်း အချိန်မီ မထုတ်ပြန်နိုင်ဘူး။ ဒီကိစ္စကို ညှိနေကြတာနဲ့ ကြာကြာသွားကြတယ်ဆိုတော့ အာဆီယံဟာ တကယ်တော့ သိပ်အားရစရာကောင်းတဲ့ အဖွဲ့အစည်းတခုတော့ မဟုတ်ပါဘူး။ ဒါကြောင့်လဲ စစ်ကောင်စီက လက်မထောင်နေတာပေါ့။ စစ်ကောင်စီရဲ့ ဗျူဟာက ဘယ်လိုလဲဆိုတော့ တချို့က ဒီကောင်တွေ အာဆီယံ လက်ပန်းကျသွားလိမ့်မယ်ဆိုပြီးတော့ exhausted ဖြစ်သွားရင် ငါတို့တွေ ဆက်လက်ရပ်တည်သွားနိုင်မယ်ဆိုတဲ့ သဘောထားနဲ့ ရပ်တည်နေတယ်လို့တောင်မှ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ကျနော်လည်း ပုဂ္ဂိုလ်ရေးအားဖြင့် ပညာရှင်တွေရဲ့ သုံးသပ်ချက်ကို သဘောခပ်ကျကျပါပဲ။ အဲဒီလိုပဲ ပြောရမယ် ဖြစ်ပါတယ်။
မမြသဇင်အောင် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
ဦးကျော်ဇံသာ ။ ။ အာဆီယံအစည်းအဝေးပွဲ ပြီးတဲ့အခါမှာ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကို ထပ်ပြီးတော့ ဆွေးနွေးကြပါမယ်။