သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်လိုအပ်ချက် အာဆီယံနိုင်ငံချင်း ဦးစားပေးကူညီဖို့ သဘောတူ 


မလေးရှားကုန်တိုက်တခုမှာ ဆန်ဝယ်ယူနေသူတဦး
မလေးရှားကုန်တိုက်တခုမှာ ဆန်ဝယ်ယူနေသူတဦး

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆန်နဲ့ တခြား စားသောက်ကုန် ပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရရင် အချင်းချင်း ဦးစားပေး ကူညီပေးကြဖို့ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာကျင်းပတဲ့ အစည်းဝေးအတွင်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီလို သဘောတူညီမှု ရရှိခဲ့ကြတဲ့အကြောင်း မလေးရှား လယ်ယာစိုက်ပျိုးရေးနဲ့ စားသောက်ကုန် ဖူလုံရေးဝန်ကြီး Mohamad Sabu မနေ့ သောကြာနေ့က ပြောကြားခဲ့တာကို ကိုးကားပြီး Bernama သတင်းမှာ ဖော်ပြထားတာပါ။

ဒီသဘောတူညီချက်အရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံမှာ ဆန်ပြတ်လပ်မှုနဲ့ ကြုံရရင် ကျန်တဲ့ အာဆီယံနိုင်ငံတွေက အဖွဲ့ဝင်နိုင်ငံရဲ့ အခက်အခဲကို ဦးစားပေး ဖြေရှင်းပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘာမှာ ဆန်တင်ပို့ရောင်းချမှု ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်အပြင် ကမ္ဘောဒီးယားနိုင်ငံတွေက မလေးရှားကို နောက်ထပ် ဆန်တင်ပို့ပေးဖို့ တောင်းဆိုလာရင် စဉ်းစားမယ်လို့ ပြောကြကြောင်း ဝန်ကြီး Mohamad Sabu က ပြောပါတယ်။

ပြည်တွင်း ဝယ်ယူ စားသုံးမှုနှုန်းရဲ့ ၃၈% ကို ပြည်ပကနေ တင်သွင်းနေရတဲ့ မလေးရှားနိုင်ငံဟာ ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုတွေ ကန့်သတ်လိုက်တာကြောင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေရတာပါ။ နိုင်ငံမှာ ဆန်ဈေးတွေတက်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်အောင်နဲ့ ပြည်တွင်း ဈေးကွက်မှာ လုံလောက်မှုရှိအောင် ထောက်ပံ့ ကူညီပေးမယ့် အစီအစဉ်တွေကို မလေးရှားအစိုးရက တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။ ပြည်တွင်းထွက်ဆန်တွေကို အများအပြား သိုလှောင်ထားတဲ့သူတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် Anwar Ibrahim ကလည်း သတိပေး ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမှာ ဆန်ဈေးကြီးမြင့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပ ဆန်တင်ပို့မှုတွေကို စက်တင်ဘာလဆန်းပိုင်းကစလို့ ၄၅ ရက်ကြာ ယာယီကန့်သတ်ထားပါတယ်။

XS
SM
MD
LG