သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကျည်ထိပြီး အရပ်သားသေဆုံးမှုရှိ


နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာမှာ လက်နက်ကြီးကျည်ကျလို့ ကလေး ၁ ယောက်အပါအဝင် ၄ ဦးသေဆုံး (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာမှာ လက်နက်ကြီးကျည်ကျလို့ ကလေး ၁ ယောက်အပါအဝင် ၄ ဦးသေဆုံး (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတယောက် သေဆုံးပြီး လူ ၄ ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စခဲ့တဲ့နောက် ကလေး ၁၄ ယောက် အပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေသလို အများစုဟာ လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာခံခဲ့ရကြောင်း ဒေသတွင်းအခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။ ရှမ်းမြောက် နောက်ဆုံးအခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ ညီနောင်မဟာမိတ် ၃ဖွဲ့ က အရေးပါတဲ့မြို့ကြီး အချို့နဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီ တပ်စခန်းတွေ သိမ်းယူခဲ့သလို စစ်ကောင်စီ ဘက်ကလည်း လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေက VOA ကို ပြောပါတယ်။

ဒီလ ၂၀ ရက်နေ့ည သန်းခေါင်ယံ အချိန်မှာ နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာမှာ လက်နက်ကြီးကျည် ကျရောက်တာ ကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ TWO က တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“ မနေ့ညက သန်းခေါင်ယံအချိန် ၁၂နာရီကျော်မှာကျတော့ အုမ်းစွမ်ရွာ ၊ ကျောက်မဲမြို့နယ် မိုင်းငေါမြို့နယ်ခွဲမှာ ရှိတဲ့ ဒီ စစ်ကောင်စီကနေပြီးမှ ပစ်လာတဲ့ လက်နက်ကြီးက သူတို့ရဲ့ အိမ်မှာ ကျတာ။ အိမ်မှာကျပြီးမှ ကလေးတယောက်သေတယ်။ ပြီးရင် သူ့မိဘနှစ်ယောက် ထိတယ်။ သူ့ရဲ့အကို ထိတယ်ပေါ့နော်။ ပြီးရင် အိမ်နီးနားချင်းက ကလေးတယောက်လည်း ပြန်ထိထားတယ်ပေါ့နော်။ ထိတာက ၄ယောက်၊ ကလေးတယောက်ကတော့ သေတယ်ပေါ့။ နမ့်ဆန်မြို့နယ် အုမ်းစွမ်အုပ်စု၊ အုမ်းစွမ်ရွာ။ ”

၁၉ ရက်နေ့ ည ၁၀ နာရီ ခန့်မှာတော့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေးတယောက်အပါအဝင် ၂ ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂၀ရက်နေ့ နေ့ခင်းမှာတော့ နမ့်ဆန်၊ မိုင်းငေ့ါဘက်ကနေ မြို့သစ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပြီး ပန်နင်းရွာမှာ လက်နက်ကြီးကျတာကြောင့် အဖွားအိုတဦး ထိခိုက်ခဲ့ကြောင်း ဆက်ပြောပါတယ်။

“ မနေ့က ၂၀ရက်နေ့ကကျတော့ ဒီ နမ့်ဆန်ကနေ မြို့သစ်ကို ပစ်လိုက်တဲ့အချိန်မှာ လက်နက်ကြီးက ပန်နင်းအုပ်စု ပန်နင်းရွာမှာပဲကျတယ်။ ဆိုတော့ အဲဒီ အဖွား တဦး ထိတယ်။ ပန်နင်းရွာက အဖွား တဦးပေါ့နော်။ သူကတော့ ခြေထောက်တွေမှာ ထိတယ်။ သူ အိမ်မှာပဲနေတာ ဒါပေမဲ့ လက်နက်ကြီးက သူ့ရဲ့ အိမ်ရှေ့လမ်းမှာ ကျတယ်။ ခြံထဲမှာ ကျတယ်ပေါ့။ အဖွားက သူ့အသက်က ၈၀ ကျော်ပြီ အဲဒါ မနေ့တုံးက။ ”

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ အရပ်သား သေဆုံးသူ ၅၃ ဦးနဲ့ ထိခိုက်သူ ၁၀၁ ဦးရှိပြီး အဲဒီထဲမှာ သေဆုံး ကလေး ၁၄ ဦးနဲ့ ထိခိုက် ၇ ဦး ပါဝင်ကြောင်း ၊ အများစုဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့်ဖြစ် ကြောင်း အခုလို ပြောပါတယ်။

“ လောလောဆည် အောက်တိုဘာ ၂၇ရက်နေ့ ကနေ ဒီနေ့ထိ ရထားတဲ့စာရင်းက သေဆုံးတဲ့သူ ကတော့ ၅၃ဦးရှိတယ်။ ဒဏ်ရာရတဲ့သူတွေက ၁၀၁ ဦး ရှိတယ်ပေါ့နော်။ အဲဒီ လူဦးရေ ၅၃ ယောက်ထဲ မှာ ကလေး က ၁၄ယောက်ပါတယ်။ သေဆုံးတာပေါ့နော်။ ပြီးရင် ဒဏ်ရာရတာက ကလေး သက်သက် ကပဲ ၇ ယောက်ပေါ့နော်။ ထိခိုက်သေဆုံးရတဲ့ အများစုကတော့ လက်နက်ကြီးနဲ့ ပစ်တဲ့ဟာ၊ ပြီးရင် လေယာဉ် နဲ့ ဗုံးကြဲတဲ့ဟာတွေ ပေါ့။ ”

သေဆုံးထိခိုက်သူ အများစုဟာ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မန်တုံ၊ နမ့်ဆန်၊ သိန္နီ၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။ တအာင်းတပ် TNLA ကလည်း လက်နက်ကြီး ထိမှန်တာကြောင့် နမ့်ဆန်မြို့နယ် အုမ်းစွန်ရွာမှာ ကလေး တယောက်သေဆုံးပြီး ၄ဦး ဒဏ်ရာရကြောင်း နဲ့ နမ့်ခမ်းမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက် ကြောင်း သတင်းထုတ်ပြန်ထား သလို TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံကလည်း အခုလို အတည်ပြု ပြောဆိုပါတယ်။

“ မနေ့ညပေါ့လေ။ ၂၀ရက်နေ့ ည ၁၂နာရီ ဝန်းကျင်ပေါ့လေ။ စစ်ကောင်စီက နမ့်ဆန်ဘက်ကနေ အုမ်းစွန်ရွာဘက်ကို လက်နက်ကြီး တလုံးပစ်တယ်။ အဲဒီ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီးမှ ၄ ဦးတော့ ထိခိုက်ဒဏ်ရာရတယ်။”

ဒီကနေ့တော့ တိုက်ပွဲသတင်း မရရှိသေးကြောင်း၊ သတင်းရရင် ည ၇ခန့်မှာမှ တိုက်ပွဲသတင်း ထုတ်ပြန်မှာ ဖြစ်ကြောင်း TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။ ကိုးကန့် MNDAA ကလေည်း ဒီနေ့ တိုက်ပွဲသတင်း ထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာ မှာလည်း အကြောင်း မပြန်သေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar) ကတော့ အောက်တိုဘာ ၂၇ နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ သူပေါင်း ၅ သောင်း နီးပါးရှိသွားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG