သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစက်မှုကုန်သွယ်သမဂ္ဂတာဝန်ခံကို ထောင် ၇ နှစ်ထပ်ချမှု EU ကန့်ကွက်


 မြန်မာ စက်မှုကုန်သွယ်သမဂ္ဂတာဝန်ခံ ဦးသက်နှင်းအောင် (ဓာတ်ပုံ-MICS)
မြန်မာ စက်မှုကုန်သွယ်သမဂ္ဂတာဝန်ခံ ဦးသက်နှင်းအောင် (ဓာတ်ပုံ-MICS)

မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ထောင်ကျပြီး လွတ်ရက်စေ့သွားတဲ့ အလုပ်သမားအဖွဲ့ချုပ် MICS ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ပြန်ဖမ်းဆီးပြီး နောက်တကြိမ် ထောင်ဒဏ် (၇) နှစ် ထပ်ချလိုက်ပါတယ်။ မြန်မာ အလုပ်သမားအဖွဲ့အစည်းတွေကရော ဥရောပသမဂ္ဂ EU နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကပါ စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေတွေကို လေးစားမှုမရှိဘဲ လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့ အတွက် ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းနှင့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုသမဂ္ဂ အဖွဲ့ချုပ် MICS ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ၂၀၂၃ ဇွန်လ ၂၆ရက်မှာ ထောင်က လွှတ်လိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြန်ပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ စစ်ခုံရုံးက အခု သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ထပ်ပြီး ချလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အီးယူရုံးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချလိုက်သလို သူအပါအဝင် အလုပ်သမား အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ အင်္ဂါနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (Myanmar Lobor Alliance) အဖွဲ့ကလည်း စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေဟာ လျှော်ကန်မှုမရှိဘူးလို့ အဖွဲ့ပြောခွင့်ရ ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

" သူ့ကို ထောင်ဒဏ် ၇ နှစ်ချတယ်လို့ ကျမတို့ သိရတယ်။ ဒါပေမဲ့ ဒီ စွပ်စွဲမှုက ဘယ်လိုမှ ယုတ္တိ မရှိဘူးပေါ့နော်၊ သူကိုစဖမ်းတဲ့ အချိန်ကတည်းက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ လုပ်တယ်လို့ ပြောရအောင် သူက ဘာမှလုပ်ခဲ့တာ မတွေ့ရဘူးပေါ့နော်။ အဲဒီတော့ သူက ထောင်၂ နှစ်က ချပြီးပြီ၊ အဲဒီအပြင်ကိုမှ ထပ်ပြီးတော့မှ ပြန်ဖမ်းလိုက်တယ် အဲဒီနေ့မှာပဲ ပြီးတော့မှ ထပ်ချတယ်ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိဘူး၊ လက်ခံနိုင်စရာလည်း မရှိဘူးပေါ့နော်။"

စစ်ကောင်စီအာဏာသိမ်းပြီး ငါးလအကြာမှာ ဖမ်းဆီးခံရတဲ့ ဦးသက်နှင်းအောင်ဟာ အခုနှစ်ဇွန်လ ထဲမှာ ပြန်လွတ်လာတယ် ဆိုပေမဲ့ သူ့ကို မိသားစုနဲ့ အလုပ်သမား အဖွဲ့အစည်းတွေက မမြင်ခဲ့ရပါဘူး။ အဲဒီနောက် အခုလို ပြန်လည် အဖမ်းဆီးခံရပြီး နောက်ထပ် ဥပဒေတခုနဲ့ ထောင်ချလိုက်ပြီဆိုမှ သူ့ရဲ့သတင်းကို ပြန်သိခဲ့ရတာပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ရှေ့နေတွေကလည်း သူ့အကြောင်းနဲ့ပတ်သက်တဲ့ ထောင်တွင်းအခြေအနေကို မသိရကြောင်း ဗွီအိုအေကို ပြောပါတယ်။ သူ့ရဲ့အမှုကို စစ်ခုံရုံးကပဲ စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေတဦးက အခုလိုပြောပြပါတယ်။

" အခုနောက်ပိုင်း ၂၀၂၃ တလပိုင်းနဲ့ နှစ်လပိုင်းကစပြီး ကျမသိတာ ကျမတို့ ပထမဆုံးလိုက်ခဲ့တဲ့ အုပ်စုတွေက နောက်ဆုတ်လာပြီး အသစ်ကလေးတွေ လိုက်တာ များလာတယ်။ အဲဒါကြောင့် ကျမတို့ သေချာမသိဘူး၊ အဲဒီအစ်ကိုက ကျမတို့လက်ထက်ကတည်းက ကျသွားတာ ကျမတို့သိတယ်၊ ဒါပေမဲ့ ကျမတို့ မကိုင်ခဲ့ရဘူးပေါ့နော်။

ဦးသက်နှင်းအောင်အမှုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ စုံစမ်းရေး ကော်မရှင်က လက်ခံခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ တရားဝင် အလုပ်သမား သမဂ္ဂတွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လို့ ဖမ်းဆီးတာ မလျော်ကန်ဘူးလို့ စုံစမ်းရေး ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အီးယူရုံးကလည်း သူအပါအဝင် အလုပ်သမား အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ အင်္ဂါနေ့မှာ တောင်းဆိုထားတာပါ။ ဒါ့အပြင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် စတဲ့ မွေးရာပါ အခွင့်အရေးတွေအတွက် တောင်းဆိုနေသူတွေကို ခြိမ်းခြောက်၊ ဖမ်းဆီးတာတွေ ရပ်တန့်ပေးဖို့ EU က တောင်းဆို လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG