သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေး


မူဆယ်မြို့မှာ နယ်စပ်ဖြတ်သန်းခွင့်ကတ်ရဖို့ တုံကင်ယူနေသူများ
မူဆယ်မြို့မှာ နယ်စပ်ဖြတ်သန်းခွင့်ကတ်ရဖို့ တုံကင်ယူနေသူများ

တရုတ်ယူနန်ပြည်နယ်ရဲ့ နယ်စပ်မြို့တွေမှာ မြန်မာနိုင်ငံသားတွေ အလုပ်သမားစာချုပ်နဲ့ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ တရုတ်-မြန်မာ ၂ နိုင်ငံ အလုပ်သမားရေး တာဝန်ရှိသူတွေ ကူမင်းမြို့မှာ နိုဝင်ဘာ ၅ ရက်က ဆွေးနွေးခဲ့ကြပါတယ်။ မကြာခင်မှာ ပူးပေါင်းအဖွဲ့ တခုဖွဲ့ပြီး MoU ကိစ္စတွေ၊ အလုပ်သမား ဥပဒေကိစ္စတွေကို ဆက်ညှိနှိုင်းသွားမယ်လို့ မြန်မာ အလုပ်သမားရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်ယူနန်ပြည်နယ် ပေါင်းဆန်းနဲ့ တယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင်နေထိုင်၊ အလုပ်လုပ်ခွင့်ရဖို့ တရုတ်-မြန်မာ နှစ်ဘက် တာဝန်ရှိသူတွေ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့တာပါ။ လောလောဆယ်တော့ တရုတ်နယ်စပ်မှာ ရှိနေတဲ့ မြန်မာတွေအတွက် အဓိကထားပြီး ညှိနှိုင်းနေတယ်လို့ မြန်မာ အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ နယ်စပ်ဒေသပေါ့ ကျနော်တို့ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ မြန်မာနိုင်ငံသားတွေကို တခြား MoU ထိုးထားတဲ့ နိုင်ငံတွေ နည်းတူ နှစ်နိုင်ငံ အသိအမှတ်ပြုပြီးတော့ တရားဝင်လုပ်ကိုင်ခွင့် ရရှိဖို့ အလုပ်သမား ဥပဒေနဲ့အညီ အကျိုးခံစားခွင့်တွေ ရရှိဖို့ ဒါတွေ ကျနော်တို့ ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က လိုအပ်ချက်၊ လိုလားချက် ဟိုဘက်က တယ်ဟုန်ပြည်နယ်က လုပ်ပေးနိုင်တဲ့အချက်၊ လိုလားချက် ဒါတွေ ကျနော်တို့ working group နဲ့ပဲ အမြန်ဆုံးဖွဲ့ပြီး လုပ်သွားမှာပါ။"

မကြာခင်မှာ နှစ်နိုင်ငံပါဝင်တဲ့ အဖွဲ့တခုကို ဖွဲ့ပြီး အဲဒီနောက်မှာ တရားဝင် နားလည်မှု စာလွှာ MoU စာချုပ်နဲ့ အလုပ်သမားခေါ်ယူရေး ကိစ္စတွေကို ဆက်ပြီး ညှိနှိုင်းသွားမယ်လို့လည်း သူကပြောပါတယ်။

လက်ရှိမှာ တပတ် နေထိုင်ခွင့်ကတ်နဲ့ တရုတ်နယ်စပ်ကို ဖြတ်ကျော်နေတဲ့ မြန်မာနိုင်ငံသားက တရက်ကို ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့ မြန်မာ အဖွဲ့အစည်း တချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာဘက်မှာ အလုပ်အကိုင် ရှားပါးလို့ တရုတ်ကိုသွားချင်တဲ့ အရေအတွက်က ပိုပြီးများလာတာ ဖြစ်ပါတယ်။ မြန်မာအလုပ်သမား များလာတာကြောင့် လုပ်ခတွေလည်း ဈေးကျလာတာပါ။ အရင်က တရက်ကို တရုတ်ယွမ်ငွေ ၂၀၀ (မြန်မာကျပ်ငွေ ၈သောင်း) လောက်ရပေမဲ့ အခုဆိုရင် ၆၀ လောက်ပဲ ရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။ နှစ်နိုင်ငံတရားဝင် စာချုပ်စာတမ်းနဲ့ လုပ်မယ်ဆိုရင် တော့ လုပ်ခ ခေါင်းပုံဖြတ်တာတွေ လျော့သွားနိုင်တယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာ တဦးက ပြောပါတယ်။

" ဝင်ရောက်လာတဲ့ လုပ်သားအင်အား အင်မတန်မှ များတဲ့အခါကြတော့ တရုတ်ဘက်ကလည်း လုပ်ခလစာနဲ့ ပတ်သက်ပြီးတော့ နှိမ်၊ တော်တော်ကို ကျဆင်းသွားတယ်လို့ ပြောရမှာပေါ့နော်။ အလွတ်သဘော လုပ်တဲ့အချိန်မှာတော့ ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း မရှိတော့ လူတိုင်းက လက်လွတ်စပယ် လုပ်ခလစာ သတ်မှတ်တာတို့ ဘာတို့ရှိတာပေါ့။ တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းတခုနဲ့ လုပ်မယ်ဆို မြန်မာနိုင်ငံသားတွေ အားလုံးအတွက် ပိုပြီးမှကောင်းတာပေါ့။"

မြန်မာအများစုဟာ ရာသီစိုက်ခင်းတွေ၊ အထည်ချုပ်စက်ရုံတွေ၊ ဖုန်းအပိုပစ္စည်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်ရကြပါတယ်။

လက်တလောမှာ တရုတ်အစိုးရက မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ခွင့် မပေးထားပါဘူး။ အခု ၂၀၂၃ အစမှာ တရုတ်အစိုးရက ကိုဗစ်ကန့်သတ်ချက်တွေကို လျှော့ချလိုက်ပြီး မူဆယ် နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့တဲ့ နောက်ပိုင်း မြန်မာနိုင်ငံသားအများအပြားဟာ တပတ်နေထိုင်ခွင့်ကတ် ဒါမှမဟုတ် တနှစ်နေထိုင်ခွင့် စာအုပ်တွေနဲ့ တရုတ်ဘက်မှာ သွားပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG