သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေကြောင့် အပျက်အစီးများပြား
မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲတွေကြောင့် အပျက်အစီးများပြား

တရုတ်နိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာလနောက်ပိုင်း ပြန်လည်နာလန်ထူလာစ မူဆယ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ တိုက်ပွဲတွေကြောင့် အခုအခါ ရပ်တန့်နေပါတယ်။ မူဆယ် ၁၀၅ မိုင်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြမှာပါ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်နားမှာရှိတဲ့ စေတီကုန်းလို့ခေါ်တဲ့ စစ်တပ်စခန်းတခုကို တနင်္ဂနွေနေ့က သိမ်းပိုက်လိုက်ပြီးနောက် လက်နက်ကိုင်တွေ ရှိတယ်လို့ ယူဆရတဲ့ နေရာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ အကြိမ်များစွာ ဗုံးကြဲခဲ့တယ်လို့ မူဆယ် ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက် ပစ်ခတ်မှုကြားမှာ နယ်စပ်က ကုန်လှောင်ရုံတွေအပါအဝင် ကုန်ကားတချို့ထိမှန်ခဲ့ပြီး ယာဉ်မောင်းတဦးလည်း သေဆုံးခဲ့ကြောင်း မူဆယ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ညကမနေ့က ကုန်သွယ်ရေး အိတ်စပို့ကွင်းမှာ ဗုံးသုံးလုံးကျတယ်၊ ကျတော့ ဘယ်အဖွဲ့က ပစ်လိုက်မှန်းမသိဘူး ဆုံးသွားတယ် ကားဆရာတယောက်။ ကားတွေ နည်းနည်းပါးပါး ထိခိုက်သွားတယ်၊ အဆောက်အဦတွေ ပျက်စီးသွားတယ်။ တဖက်အဖွဲ့ကလည်း ဒရုန်းနဲ့ လာပစ်နေတာ၊ ဒရုန်းတွေကလည်း ပန်းကြဲသလို ကြဲနေတာပေါ့။ အဲဒီတော့ ဟိုကလည်း လေယာဉ်နဲ့ လာပစ်ရတာပေါ့။"

လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သူတို့သိမ်းပိုက်ရရှိထားတဲ့ စေတီကုန်းကနေ စစ်ကောင်စီရဲ့ နောက်ထပ်စခန်းဖြစ်တဲ့ ဗျူဟာကုန်းကို ဒီနေ့တနင်္လာနေ့ မနက်မှာ ပစ်ခတ် တိုက်ခိုက်နေကြောင်း သူကပြောပါတယ်။ ရင်ဆိုင်တိုက်ပွဲပုံစံမဟုတ်ဘဲ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေကိုကျော်ပြီး အပြန်အလှန် ပစ်ခတ်နေတာဖြစ်လို့ အရပ်သား သေဆုံးမှုတချို့ ရှိနေကြောင်းလည်း ပြောဆိုထားပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။ နှစ်ဘက်အဖွဲ့တွေ ပစ်ခတ်နေတဲ့ကြားမှာ မူဆယ်ကုန်သွယ်ရေးက သစ်သီးကွင်းနေရာတွေ၊ လူနေရပ်ကွက်တွေ ရှိနေကြောင်း သူကပြောပါတယ်။

" လက်နက်ကြီး ဆိုတာကလည်း သိတဲ့အတိုင်းပဲ လှမ်းပြီးတော့ ပစ်တဲ့အခါမှာ လူတွေအိမ်တွေကြားထဲ ကျေးရွာတွေကြားထဲ ကျတာရှိတယ်၊ ဒေသခံကတော့ဗျာ ဘယ်လိုပြောမလဲ မြို့ပြလူတွေက ဒီဘက်နောက်ပိုင်း စစ်ရဲ့ အတွေ့အကြုံကို မျက်ဝါးထင်ထင် မတွေ့ရတော့၊ သီတင်းကျွတ် မီးပန်းဖောက်သလို ဖောက်နေကြတော့ သွေးပျက်ကြတာပေါ့ဗျာ။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ်ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကျင်စန်းကျော့ ကုန်ကားဝင်းထဲကို နိုဝင်ဘာလ ၂၃ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျပြီး ကားအစီး ၁၀၀နီးပါး ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် တရုတ်ယူနန်အစိုးရက သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲက အမြန်ဆုံးထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။ အဲဒီ မြန်မာနယ်စပ်တလျှောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ စစ်ရေး လေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။

စစ်ဆင်ရေး စတင်ခဲ့တာ တလတင်းတင်း ပြည့်တဲ့နေ့မှာ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က မနေ့က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။တရုတ်အစိုးရ မျှော်လင့်နေတဲ့ ကျားဖြန်အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေ ရှင်းလင်းရေးနဲ့အတူ မြန်မာနိုင်ငံက စစ်အာဏာရှင် ဖြုတ်ချရေး ရည်ရွယ်ချက်တွေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးကို စတင်ခဲ့ကြတာပါ။

အာဏာသိမ်းပြီးကတည်းက ယိုင်နဲ့နေတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကလည်း စစ်ရေးအရှိန်မြင့်လာတာနဲ့အတူ လုံးဝရပ်တန့်သွားပြီ ဖြစ်ပါတယ်။ တရုတ်ဘက်ကိုလည်း လူအဝင်အထွက်ကလွဲလို့ ဘာမှမရှိတော့ကြောင်း မူဆယ်ကုန်သည်တဦးက ပြောပါတယ်။

" လုံးဝကိုရပ်သွားတာ၊ ကုန်သွယ်ရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် ရပ်သွားပါတယ်။ ဒါ အခုလောလောဆယ် မူဆယ်နဲ့ (တရုတ်) ကြယ်ခေါင် ဂိတ်ကိုတော့ သူတို့ဖွင့်ပေးပါတယ်။ ဒါပေမဲ့ တပတ်ကတ်တို့ စာအုပ်အနီတို့တော့ အမြဲတမ်း သွားလာလို့တော့ရပါတယ်၊ ကုန်ကားက လုံးဝမရှိပါဘူး၊ ပိတ်လည်း ပိတ်ထားပါတယ် အခုလောလောဆယ်လေ။"

အခုဆိုရင် တရုတ်နိုင်ငံထဲ တပတ်လည်ပတ်ခွင့်ကိုလည်း ရုန်းရင်းဆန်ခတ် အခြေအနေတွေကြောင့် မြန်မာဘက်က တုံကင်နံပတ်ပေးတာကို ဒီဇင်ဘာလ ၄ ရက်အထိ ကြိုပေးထားပါတယ်။ စစ်ပွဲတွေကြောင့် မူဆယ်ကိုရောက်လာတဲ့ တရုတ်ပြည်သွားမဲ့ မြန်မာနိုင်ငံသား အရေအတွက်ကလည်း အရင်ကထက် အများကြီး လျော့ကျသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG