သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဒေသ အရေးပေါ် အခြေအနေအတွက် တရုတ်စစ်တပ် ပုံမှန်လေ့ကျင့်မည်


တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်စစ်သားတွေကို တွေ့ရစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၃)
တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်စစ်သားတွေကို တွေ့ရစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၂၃)

တရုတ်−မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နယ်ခြားဂိတ်တွေကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နယ်စပ် ဒေသမှာ အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ထပ်မံ တိုက်တွန်းတောင်းဆိုနေပါတယ်။ တချိန်တည်းမှာ နယ်စပ်တိုက်ပွဲတွေကြောင့် အရေးပေါ် အခြေအနေ ဖြစ်လာရင် တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ပြီး တောင်ပိုင်းဒေသမှာ ပုံမှန် စစ်ရေး လေ့ကျင့်မှုတွေ ဆက်လုပ်ဆောင်သွားမယ့်အကြောင်း တရုတ် စစ်တပ်က ပြောဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက တရုတ်စစ်တပ်က မြန်မာနယ်စပ်မှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်ဆောင်နေတာပါ။ ဒီလို စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကားဝန်းထဲကို လက်နက်ကြီးကျည်ကျ ပေါက်ကွဲပြီး ကုန်တင်ကား အများအပြားနဲ့ ကုန်တွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီဘက်က ညီနောင် ၃ ဖွဲ့ ခေါ် တိုင်းရင်းသားအဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူတွေလို့ သုံးနှုန်းပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်အောင် ရည်ရွယ်ပြီး တိုက်ခိုက်တာတွေ လုပ်နေတာဆိုပြီး စွပ်စွဲထားပါတယ်။ ညီနောင် ၃ ဖွဲ့ကတော့ အရပ်သားပြည်သူတွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အကြောင်း ပြောဆိုထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နေရာတော်တော်များများမှာ တိုင်းရင်းသားတွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG