သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာပါ မြန်မာအချက်အလက်တွေ ပြုစုထားမှု ကန်ပြန်လည်ဆန်းစစ်


ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေစဉ်။ (၂၀၂၁ အောက်တိုဘာ ၂၉)
ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေစဉ်။ (၂၀၂၁ အောက်တိုဘာ ၂၉)

မြန်မာနဲ့ပတ်သက်တဲ့ အချက်အလက်ကိုးကားခဲ့တဲ့ စစ်တမ်းအနေနဲ့ ဘယ်လိုနည်းနဲ့ ပြုစုထားသလဲ ဆိုတာကို ပြန်လည် ဆန်းစစ်သုံးသပ်နေတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာန ၂၀၂၂ ခုနှစ် နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာရဲ့ ပူးတွဲအစီရင်ခံစာမှာ မြန်မာအချက်အလက်ဖော်ပြထားတဲ့ စာမျက်နှာကို ဖယ်ရှားလိုက်တာ ဖြစ်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲမှု မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက VOA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာ ပူးတွဲဖော်ပြချက်တခုမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကျော်ကို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျူးလွန်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အစီရင်ခံစာ ပူးတွဲဖော်ပြချက်ပါ မြန်မာအကြောင်းဖော်ပြချက်တွေကို ဖြုတ်ချခဲ့တာပါ။ ကမ္ဘာ့အဝှမ်း အကြမ်းဖက်ကျူးလွန်မှုများတဲ့ နိုင်ငံတွေစာရင်းဖော်ပြရာမှာ မြန်မာနိုင်ငံကိုတွေ့ရပေမဲ့ ဘယ်သူတွေကျူးလွန်သလဲဆိုတဲ့ ထပ်မံရှင်းလင်းဖော်ပြချက်တွေကို ဖြုတ်လိုက်တာပါ။ ဘာကြောင့်ဖြုတ်တာလဲဆိုတာကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနကို VOA က စုံစမ်းမေးမြန်းရာမှာတော့ အချက်အလက်ရယူခဲ့တဲ့ နည်းလမ်းကို ပြန်လည် သုံးသပ်နေတာကြောင့်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ဖြေကြားခဲ့ပါတယ်။

နိုဝင်ဘာလကုန်ပိုင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာထဲ မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကျော်ကို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျူးလွန်တယ်လို့ ဖော်ပြတဲ့အကြောင်း မြန်မာစစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့သလို စစ်ကောင်စီနဲ့ နှီးနွယ်တဲ့ မီဒီယာတွေမှာလည်း ဒီအကြောင်းကို ကိုးကားဖော်ပြခဲ့ကြတာပါ။ ဒီအပေါ်မှာ ဗွီအိုအေက မေးမြန်းတဲ့အခါမှာတော့ ဒီ အချက်အလက်တွေဟာ သီးခြားအစီရင်ခံစာတခုရဲ့ ပူးတွဲဖော်ပြချက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒထုတ်ပြန်ချက်ကို ကိုယ်စားမပြုပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ‘လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကနေ ဖြစ်လာတဲ့ တိုက်ရိုက်အကျိုးဆက်တွေဖြစ်သလို စစ်တပ်က မြန်မာလူထုကို အကြမ်းဖက်နှိမ်နင်းမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ’ လို့ အမေရိကန်နိုင်ငံခြားရေးဌာနတုံ့ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ အရပ်သားထောင်နဲ့ချီသတ်ဖြတ်ခဲ့သလို ဒီမိုကရေစီခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရတယ်လို့ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ မြန်မာလူထုအပေါ် အကြမ်းဖက်ရက်စက်မှုတွေကို အရေးယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက VOA ရဲ့ မေးမြန်းစုံစမ်းချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြေရှင်းတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဗွီအိုအေက လေ့လာကြည့်သလောက် ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက Development Services Group က အမေရိကန်နိုင်ငံခြားရေးဌာနကို တင်သွင်းတဲ့အစီရင်ခံစာဖြစ်ပြီး ကမ္ဘာအဝှမ်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ်အခြေခံပြီး ပြုစုတဲ့ အစီရင်ခံစာဖြစ်တာတွေ့ရပါတယ်။ အဲဒီအစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်စာမှာ ပူးတွဲဖော်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG