သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အရပ်ဘက်အဖွဲ့စည်း ၂၅၀ ကျော် တရုတ်ကိုတောင်းဆို


GSCB အဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မြောင်နယ်က ပြည်သူများ ဆန္ဒပြပွဲ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
GSCB အဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မြောင်နယ်က ပြည်သူများ ဆန္ဒပြပွဲ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

လူထုတော်လှန်ရေးကို အဟန့်အတားဖြစ်စေပြီး၊ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်မှန်သမျှကို မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေ ရှောင်ရှားဖို့ မြန်မာအရပ်ဘက်အဖွဲ့ ၂၅၀ ကျော်က တနင်္ဂနွေနေ့က တရုတ်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီနဲ့ ကြားဝင်စေ့စပ်ပေးဖို့ လုပ်နေတာတွေလည်း အမြန်ဆုံးရပ်တန့်ဖို့ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေကို သူတို့က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး ကိုစည်သူက ပြောပြပေးမှာပါ။

လူထုရဲ့ သဘောဆန္ဒမပါဘဲ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးပေးဖို့ ကြိုးပမ်းနေတာတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ လိုကြောင်း တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၅၅ ခုက ဒီဇင်ဘာလ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အသက်ဆက်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေးအရ ကူညီနေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့၊ တော်လှန်ရေး အင်အားစုတွေကို အကြပ်ကိုင် ဖိအားပေးပြီး စစ်ကောင်စီနဲ့ စေ့စပ်ပေးဖို့ ကြိုးပမ်းနေတာတွေကို ရပ်တန့်ဖို့လိုတယ်လို့ တရုတ်သမ္မတရှီကျင့်ပင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်ပြည်သူတွေကို သူတို့က တောင်းဆိုလိုက်တာပါ။

အခုဆို မြန်မာစစ်ကောင်စီဟာ စီးပွားရေး နိုင်ငံရေး ဘက်စုံ၊ ကဏ္ဍစုံမှာ ချွတ်ခြုံကျနေပြီး ဒီအချိန်မှာ ဆက်ပြီး အသက်ဆက်နိုင်ဖို့၊ အာဏာမြဲနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အားထုတ်နေကြောင်းနဲ့ ဒီလို နည်းလမ်းရှာရာမှာ စစ်ကောင်စီဟာ တရုတ်အစိုးရကိုလည်း ချဉ်းကပ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့၊ အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုပမ်းနေတာ တွေ့ရတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB မှာ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုတေဇာဆန်းက ဗွီအိုအေကို ပြောပါတယ်။

"ဒါကြောင့် ကျနော်တို့ မြန်မာပြည်သူလူထု တရပ်လုံးက ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့အသိုင်းအဝန်း ကိုပေါ့ဗျာ ကျနော်တို့အားလုံး မြန်မာပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းမှု ဒါတွေကို ပြတ်ပြတ်သားသား အဆုံးအထိ ချုပ်ငြိမ်းသွားအောင် တွန်းလှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်။ စစ်အုပ်စု သက်ဆိုးရှည်စေမဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်မှန်သမျှ ကျနော်တို့အနေနဲ့ ဆန့်ကျင်တယ်၊ ငြင်းပယ်တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။"

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်သူတွေရဲ့ ရန်သူဖြစ်ရုံမကဘဲ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်း ဘုံရန်သူဖြစ်ကြောင်း ကိုတေဇာဆန်းက ပြောပါတယ်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ ကျားဖြန့် အွန်လိုင်းလောင်းကစားတွေ၊ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးပြဿနာတွေ ဒါတွေ အားလုံးရဲ့ ပင်မလက်သည်တရားခံက မြန်မာစစ်အုပ်စုနဲ့ စစ်အုပ်စုက မွေးမြူထားတဲ့ နယ်ခြားစောင့်တပ်တွေ ဖြစ်ကြောင်း သူက ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီကို တော်လှန်ပုန်ကန် နေတာဟာ မြန်မာနိုင်ငံရဲ့ အကျိုးအတွက်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေလည်း အကျိုးဖြစ်နိုင်ကြောင်း ဒီအိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

ဒါကြောင့် တရုတ်အပါအဝင် နိုင်ငံရေးအရ စစ်ကောင်စီကို ပံ့ပေးနေတာတွေကို ရပ်ပေးဖို့၊ ပြည်သူတွေရဲ့ သဘောဆန္ဒကို လေးစားဖို့လိုကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေက ဘုံသဘောတူညီချက် ငါးခုနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာပြေလည်ဖို့ အကြံပြုခဲ့ပေမဲ့လည်း ဒီဘုံသဘောတူညီချက် ထွက်လာပြီး ၂ နှစ်ခွဲနီးပါးအထိ မြန်မာစစ်ကောင်စီက လိုက်နာလုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် အခုအချိန်မှာ နှစ်ပေါင်း ၇၀ ကျော် အမြစ်စွဲနေတဲ့ စစ်အာဏာရှင်နဲ့ စေ့စပ်ဆွေးနွေးရေး လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း မြန်မာ့အရေး ကူညီလှုပ်ရှားနေတဲ့ ဂျပန်နိုင်ငံ We For All အဖွဲ့က ကိုမျိုးမင်းဆွေက ပြောပါတယ်။

"တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းပြီး အောင်ပွဲတွေ ရနေချိန်မှ အခုလို စေ့စပ်ဆွေးနွေးရေး ဆိုတာက ဒီအကြမ်းဖက်စစ်တပ်ကို တဖက်လှည့်နဲ့ ကူညီနေတာလို့ ယူဆမိပါတယ်။ အခုအချိန်က စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို သွားရမဲ့အချိန် မဟုတ်ဘူးလို့ ယူဆပါတယ်။ မြန်မာပြည်သူတွေအပေါ် စိတ်စေတနာ ရှိတယ်ဆိုရင် အာဆီယံ ဘုံသဘောတူညီချက်မှာပါတဲ့ နံပတ်တစ်ဖြစ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ လုပ်ဆောင်ရမယ်။ ထို့နောက် နံပတ်လေး အချက်ဖြစ်တဲ့ လူသာချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို မြန်မာပြည်သူတွေထံ ချက်ချင်း ပေးရပါမယ်။ ဒီဟာတွေ ဘာမှမလုပ်ဆောင်ဘဲ စေ့စပ်ဆွေးနွေးရေးဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ပါတယ်။"

လက်တွေ့မှာ အာဆီယံရဲ့ မူငါးချက်ကလည်း မြန်မာ့အရေးကို ဖြေရှင်းတာမှာ လက်တွေ့ မကျသလို ပြဿနာရဲ့ အဖြေလည်းမဟုတ်ကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်ဆလင်ကွန်ရက်က ကိုထွန်းကြည်က ပြောပါတယ်။

အရပ်ဘက်အဖွဲ့တွေရဲ့ ဒီထုတ်ပြန်ချက်မှာ တောင်းဆိုချက်ပေါင်း ၁၄ ခု ပါပြီး သပိတ်အင်အားစုတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမား အင်အားစုတွေ၊ CDM ဝန်ထမ်းတွေနဲ့ အနုပညာ အဖွဲ့အစည်းတွေ ပါဝင်လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်အသက်သွင်းမဲ့ စစ်ကောင်စီက ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လက်မခံကြောင်းလည်း ဒီထဲမှာပါတဲ့ အရပ်ဘက်အဖွဲ့အစည်း အများစုက ပြီးခဲ့တဲ့ ၂၀၂၂ မှာ စုပေါင်းထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG