သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရိုဟင်ဂျာတွေ ခိုလှုံရာကို အာချေး တက္ကသိုလ်ကျောင်းသားတွေ ဝင်စီး


အာချေးကမ်းခြေကို ‌ရောက်လာတဲ့ ရိုဟင်ဂျာများ
အာချေးကမ်းခြေကို ‌ရောက်လာတဲ့ ရိုဟင်ဂျာများ

အင်ဒိုနီးရှားအနောက်ဘက်အစွန်ဆုံး Aceh ပြည်နယ်က ရာနဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ယာယီခိုလှုံရာနေရာတခုကို ဝင်ရောက်စီးနင်းပြီး ပြည်နှင်ဒဏ်ပေးဖို့ ဒီနေ့ပဲ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်ရောက်လာတာဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ အဆိုအရ ဒါဟာ ၈ နှစ်တာကာလအတွင်း တလထဲမှာ အများဆုံးဝင်ရောက်လာမှုဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေထဲကတချို့ကတော့ ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် ပင်လယ်ထဲကို ပြန်သွားခဲ့ကြရပါတယ်။

တက္ကသိုလ်တချို့က ကျောင်းသားတွေဟာ ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အာချေးမြို့တော် Banda Aceh က အစိုးရခန်းမထဲကို ဝင်ရောက် စီးနင်းခဲ့တာပါ။ ဒီကနေ့ တနေ့ထဲမှာဘဲ ရိုဟင်ဂျာတွေ အာချေးဒေသထဲကို လူကုန်ကူး ခေါ်ဆောင်လာတယ်လို့ ယူဆခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဦးနဲ့ အသက် ၅၃ နှစ်အရွယ် ရိုဟင်ဂျာ တဦးတို့ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အာချေးဒေသကို သောင်တင်လာတာမျိုး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကနေ အင်ဒိုနီးရှားနိုင်ငံကို ရည်ရွယ်ချက်ရှိရှိ ခိုးသွင်းခဲ့တာကို အတည်ပြုနိုင်ခဲ့ကြောင်းနဲ့ ဒါဟာ ရာဇ၀တ်မှုတခုဖြစ်တယ်လို့လည်း အင်ဒိုနီးရှားရဲအရာရှိက ပြောပါတယ်။ အခုလို ရိုဟင်ဂျာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ အာချေးဒေသကို ဝင်ရောက်လာတဲ့အတွက် ဒေသခံအသိုက်အဝန်းကြားမှာ စိတ်ပျက်ရန်လိုမှုတွေ၊ ရိုဟင်ဂျာတွေကို လက်မခံလိုစိတ်တွေ တိုးပွားနေတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတ Joko Widodo ကလည်း ခုလို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာဟာ လူကုန်ကူးသူတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပြီးနောက်ပိုင်း ခုလို သံသယရှိသူတွေကို ဖမ်းဆီးမိကြောင်း ထုတ်ဖော်ပြောဆိုလာတာပါ။ သမ္မတ Joko Widodo ကတော့ ရေတို စီမံချက်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့ လုပ်ဆောင်နေပေမဲ့၊ ဒေသခံတွေရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်တယ်လိုလည်း ပြောထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားဖို့ တွန်းအားပေးတာမျိုး မလုပ်ဖို့ ပြောထားသလို၊ အိမ်နီးခြင်း နိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးရာမှာ ပါဝင်ကူညီကြဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG