သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးရောက် လှေစီးပြေးရိုဟင်ဂျာတွေအခြေအနေဆိုးဝါး


အင်ဒိုနီးရှားနိုင်ငံကို လှေစီးပြီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ကမ်းကပ်ခွင့်ပေးထားတဲ့ အာချေးပြည်နယ် ယူလီးမာဒွန်အရပ်ဒေသ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံကို လှေစီးပြီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ကမ်းကပ်ခွင့်ပေးထားတဲ့ အာချေးပြည်နယ် ယူလီးမာဒွန်အရပ်ဒေသ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်းမကြီးရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ်ထဲက Weh ဆိုတဲ့ ကျွန်း လေးပေါ်က ဆာဘန် (Sabang) မြို့လေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၃၉ ဦး သောင်တင်နေတာ သီတင်းနှစ်ပတ်ကျော်လာချိန်မှာပဲ သူတို့ရဲ့ အခြေအနေကလည်း ပိုဆိုးလို့လာနေပါတယ်။ ခနော်ခနဲ့လှေတစင်းကိုအားပြုပြီး ပင်လယ်ခရီးဖြတ်လာခဲ့တဲ့ ဒီ လှေစီးပြေးရိုဟင်ဂျာတွေကို ဆာဘန်မြို့ရဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုဇုန်နဲ့ ဆိပ်ကမ်းအာဏာပိုင် ဌာနပိုင် အမှတ် စီတီ-၁ ဆိပ်ခံတံတားအနီးနေရာမှာ လောလောဆယ်ခိုလှုံခွင့်ပေးထားပါတယ်။ ဒေသခံအာဏာပိုင်တွေက ဒုက္ခသည်တွေ ယာယီနေထိုင်နိုင်ဖို့ အဖြူရောင် တဲလေးလုံးကို ဆောက်လုပ်ပေးထားပြီး အဲဒီ တဲလေးတွေထဲမှာပဲ နေဒဏ်၊ မိုးဒဏ်ကို အကာအကွယ်လုပ်နေရသလို အဲဒီ မိုးရေကာ တာလပတ်တွေပေါ်မှာ နေထိုင်၊ စားသောက်၊ အိပ်ကြရပါတယ်။

စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံအလောက်မရှိလို့ ဒုက္ခသည်ထဲကတချို့ အထူးသဖြင့် ကလေးတွေဟာ စတင်ပြီး နေထိုင်မကောင်းဖြစ်လာနေပါတယ်။ ဝမ်းပျက် ဝမ်းလျှောတာတွေ ရှိသလို အဖြစ်အများဆုံးကတော့ အရေပြားနဲ့ ဦးခေါင်းတွေမှာ ယားနာတွေပေါက်ကြတာပါ။

ဗွီအိုအေ အင်ဒိုနီးရှားဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒုက္ခသည်တချို့က ဒီဇင်ဘာလ ၂ ရက်နေ့၊ သူတို့ ဆာဘန်း ကမ်းရိုးတန်း၊ Le Meulee ကမ်းခြေကို စ ဆိုက်ကပ်လာချိန်ကတည်းက ဒေသခံတွေက သူတို့ကို မလိုလားကြတာကို သတိပြုမိတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တဦး ဖြစ်တဲ့ အသက် ၃၀ အရွယ် ဒီလ်ဝါရှား (Dilwar Sha) ကတော့ သူတို့မှာ “တခြား ရွေးချယ်စရာ မရှိဘူး” လို့ စကားပြန်ကတဆင့် ဗွီအိုအေကို ပြောပါတယ်။

“အာချေးက ငါတို့လို ရိုဟင်ဂျာတွေ အများကြီးကို ကယ်တင်တယ်ဆိုပြီး ကြားလို့ ဒီကို လာချင်ခဲ့တာပါ။ ဒါကြောင့်ပဲ အာချေးကို လာခဲ့တာပါ။”

ဒါပေမယ့် အခုအချိန်မှာတော့ နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီလ်ဝါ အပါအဝင် ဒုက္ခသည်တွေအားလုံးဟာ မရေမရာနဲ့ စောင့်နေရတုန်းပဲ ရှိပါသေးတယ်။

"ကျနော်တို့အင်ဒိုနီးရှားကို စရောက်တော့ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) က သူတွေ လာပါတယ်။ လက်မှာပတ်ထားရတဲ့ အထောက်အထား လက်ပတ်လေးတွေ ပေးပါတယ်။ နောက်ထပ်တော့ မလာသေးပါဘူး။ ဆိုတော့ ကျနော်တို့ကတော့ UNHCR ဘယ်တော့ ထပ်လာမလဲ ဆိုပြီး စောင့်နေကြတာပေါ့။” လို့ ဒီလ်ဝါက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေကနေ သူတို့ ထွက်ပြီး ဒီကိုလာဖို့ သူတို့ သင်္ဘောမာလိန်မှူးကို ငွေပေးခဲ့ရတယ်လို့ ဒီလ်ဝါက ပြောပေမယ့် သူတို့ ဘယ်လောက် ငွေပမာဏပေးခဲ့ရလဲဆိုတာတော့ ထုတ်မပြောပါဘူး။

"သူတို့ (လှေမောင်းသူတွေက‌) ကျနော်တို့ ဒုက္ခသည်တဦးချင်းအလိုက် ငွေတွေ ယူတယ်" လို့ ဒီလ်ဝါက ပြောပါတယ်။

ဒီလ်ဝါက ၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု၊ လူမျိုးတုံး ရှင်းလင်း သတ်ဖြတ်မှုလို့ နိုင်ငံတကာက စွပ်စွဲကြတဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသူပါ။ ပထမတော့ မောင်တောခရိုင်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၊ ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေထဲက စခန်းတခုကနေ နောက်တခုကို အမျိုးမျိုး ပြောင်းရွှေ့နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ တခြား ဘဝတူ ဒုက္ခသည်တွေနဲ့အတူ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။

"ကျနော်တို့ရဲ့ ဘဝတွေကိုကယ်တင်ဖို့အတွက် အင်ဒိုနီးရှားကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျနော်တို့မှာ ကျောင်းတက်ဖို့ အခွင့်အလမ်းမရှိသလို ဘာဆို ဘာမှလည်း မရှိခဲ့ပါဘူး။ စာကောင်းကောင်းလည်း မသင်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ အခုလို အင်ဒိုနီးရှားကို လာဖို့ ဆုံးဖြတ်ခဲ့တာပါ။”

ဆာဘန်မြို့က မြို့တော်ဝန်နဲ့ ရဲချုပ်အပါအဝင် တာဝန်ရှိသူတွေကတော့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားခြင်းမရှိသေးပါဘူး။

အခု ရိုဟင်ဂျာဒုက္ခသည်အုပ်စုဟာ ဒီ အမှတ် စီတီ-၁ ဆိပ်ခံတံတားကိုမရောက်ခင် ဘာလိုဟန် (Balohan) ဆိုတဲ့အရပ်မှာ ခိုလှုံခဲ့ကြပါသေးတယ်။ ဒါပေမယ့် အဲဒီမှာ ဒေသခံလူထုက မလိုလားဘဲ နှင်ထုတ်ခဲ့လို့ သူတို့ အခုရောက်နေတဲ့ နေရာကို ပြောင်းပေးခဲ့ရတာပါ။ ဒါပေမယ့် အဲဒီလို ရိုဟင်ဂျာဒုက္ခသည်တွေကို မနှစ်သက်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားတွေရှိပေမယ့် တဘက်မှာလည်း ဒုက္ခသည်တွေအတွက် စိတ်မကောင်းဖြစ်တဲ့ ဒေသခံတချို့ကတော့ အစားအသောက်၊ အချိုရည်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေကို ကူညီပေးကြပါတယ်။

ဒါပေမယ့် အခုအချိန်အထိ ဒုက္ခသည်တွေကို တရားဝင် ထိထိရောက်ရောက် ကူညီပေးနိုင်မယ့် ဒေသန္တရ ကျန်းမာရေးဝန်ထမ်းနဲ့ မှတ်ပုံတင်အရာရှိတွေ အဲဒီ ဆိပ်ခံတံတားက ယာယီစခန်းမှာ မရှိသေးပါဘူး။ အဲဒီမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က တာဝန်ရှိသူတွေကိုလည်း ဗွီအိုအေက မတွေ့ခဲ့ရပါဘူး။ ဒုက္ခသည်အရေး ဆောင်ရွက်တဲ့ ဒီ နိုင်ငံတကာအဖွဲ့အစည်းနှစ်ရပ်လုံးက ကိုယ်စားလှယ်တွေဟာ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးနိုင်ဖို့ အချိန်ပိုရနိုင်ရေးအတွက် အင်ဒိုနီးရှားရဲ့နိုင်ငံရေး၊ တရားရေးနဲ့ လုံခြုံရေးရေးရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတောင်းဆိုနေကြဆဲလို့ သိရပါတယ်။

XS
SM
MD
LG