သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား မြန်မာ့အရေး ဆွေးနွေး


အင်ဒိုနီးရှား သမ္မတ Joko Widodo နဲ့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
အင်ဒိုနီးရှား သမ္မတ Joko Widodo နဲ့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်အရေး ကိစ္စအပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ဆွေးနွေးကြတဲ့အကြောင်း ဖိလစ်ပိုင် သမ္မတ Ferdinand Marcos Jr. က ပြောဆိုပါတယ်။ ဒီနေ့ မနီလာမြို့တော်မှာ ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo နဲ့ ကျင်းပတဲ့ သတ္တမအကြိမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် JCBC အစည်းအဝေးမှာ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးတဲ့အကြောင်း ဖိလစ်ပိုင် သမ္မတက ပြောဆိုသွားတာပါ။

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Enrique Manalo (အန်ရီကာ မနာလို) နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ရာတီနို မာဆူဒီ) တို့နှစ်ယောက် တွေ့ဆုံရာမှာတော့ တောင်တရုတ်ပင်လယ်အရေးအပြင် မြန်မာနိုင်ငံရဲ့ အကြပ်အတည်း၊ ဂါဇာ ပဋိပက္ခတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံဟာ ရိုဟင်ဂျာ အရေးကိစ္စကို အကြောင်းပြပြီး အာဆီယံကို အသုံးချဖို့ ကြိုးစားနေတဲ့အကြောင်း မြန်မာ စစ်ကောင်စီရဲ့ မနေ့ကထုတ်တဲ့ မြန်မာ့အလင်း သတင်းစာရဲ့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ ရုံးတင်စစ်ဆေးရေးနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူရေး အင်ဒိုနီးရှား ပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ တာဝန်ရှိသူတဦး တောင်းဆိုခဲ့တာကို အကြောင်းပြပြီး ဆောင်းပါးမှာ ဖေါ်ပြထားတာပါ။ ရိုဟင်ဂျာလို့ အသိအမှတ်ပြု ခေါ်ဝေါ်ခြင်းမရှိဘဲ ဘင်္ဂလီအဖြစ်သုံးနှုန်းပြီး ဒီ ဒုက္ခသည်အရေးဟာ ပြည်ပက ခိုးဝင်လာသူတွေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG