သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပိုင်နက်ထဲ ပါကစ္စတန်ဝင်ရောက်တိုက်ခိုက်


အီရန်အလံနဲ့ ပါကစ္စတန်အလံ
အီရန်အလံနဲ့ ပါကစ္စတန်အလံ

အီရန်နိုင်ငံအတွင်းက ပါကစ္စတန် အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းနေတယ်လို့ဆိုတဲ့ နေရာတွေကို ပါကစ္စတန် စစ်တပ်က ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အီရန် အကြမ်းဖက်သမားတွေ ခိုအောင်းနေတယ်လို့ ဆိုတဲ့နေရာ ပါကစ္စတန် ပိုင်နက်အတွင်း အီရန်က ဝင်ရောက် ဗုံးကျဲ တိုက်ခိုက်ပြီး ၂ ရက်အကြာမှာ ပါကစ္စတန်ဘက်က အီရန်ပိုင်နက်ထဲကို ဝင်ရောက် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။​

ပါကစ္စတန်-အီရန် နယ်စပ်၊ အီရန်နိုင်ငံအတွင်းက Sistan-Baluchistan ဒေသမှာ ရှိနေတဲ့ ပစ်မှတ်တွေကို အသေအချာ စနစ်တကျစီစဉ်ပြီး တိတိကျကျ တိုက်ခိုက်ခဲ့တဲ့ အဲဒီ ဖြစ်ရပ်အတွင်း အကြမ်းဖက်သမားတချို့ သေဆုံးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။​

အီရန်နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ပါကစ္စတန်အနေနဲ့ အပြည့်အဝ လေးစား လိုက်နာကြောင်း၊ ဒီဖြစ်ရပ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ပါကစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်တာကြောင့် အခုလို တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။​

အီရန်ရဲ့ လေကြောင်းပိုင်နက်ထဲကို မဝင်ဘဲ ပါကစ္စတန် တိုက်လေယာဉ်တွေက ပါကစ္စတန် အစိုးရကို ဆန့်ကျင်နေတဲ့ Baluchistan လွတ်မြောက်ရေးတပ်မတော် (BLA) ရဲ့ စခန်းကို တိုက်ခိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ပါကစ္စတန် လုံခြုံရေးအရာရှိက VOA ကို ပြောပါတယ်။ ဒီ BLA အဖွဲ့ကို အမေရိကန်ပြည်ထောင်စုကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။

ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကြောင့် Saravan ဆိုတဲ့မြို့မှာ အီရန်နိုင်ငံသားမဟုတ်သူ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အီရန်အစိုးရပိုင်သတင်းမှာလည်း ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။​

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG