သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆိုင်ရာသံအမတ်ကို ပါကစ္စတန်ပြန်ခေါ်ယူ


အီရန်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေ ကုသမှုခံယူနေတဲ့ ခရိုင် ဆေးရုံကြီး (ဇန်နဝါရီလ ၁၇၊ ၂၀၂၄)
အီရန်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေ ကုသမှုခံယူနေတဲ့ ခရိုင် ဆေးရုံကြီး (ဇန်နဝါရီလ ၁၇၊ ၂၀၂၄)

အီရန်ဘက်က နယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအားလုံးကို ဆိုင်းငံ့ထားကြောင်း ပါကစ္စတန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

အင်္ဂါနေ့ညက အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ဒုံးကျည်နဲ့ ရုန်းတိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန်နယ်စပ် ဘာလူချီစတန် (Baluchistan) မှာရှိတဲ့ “Jaish al-Adl တရားမျှတရေး တပ်မတော်” လို့ အမည်ပေးထားတဲ့တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အီရန်က ကြေညာခဲ့တာပါ။ ပါကစ္စတန်ဘက်ကတော့ "ဒီတရားမဝင်လုပ်ရပ်ကို တုံ့ပြန်ပိုင်ခွင့်ရှိပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို အီရန်အနေနဲ့ တာဝန်ခံရမယ် " လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mumtaz Zahra Baloch က ရုပ်မြင်သံကြားကနေ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်ထုတ် သတိပေးပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ကလေးနှစ်ဦးသေဆုံးပြီး အခြား ပါကစ္စတန် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေက ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာကို ဗြောင်ကျကျချိုးဖောက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း အီရန်အစိုးရကိုအကြောင်းကြားထားကြောင်း Baloch က ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အမီအဗ္ဗဒူလာဟင် (Amirabdollahian) ကတော့ ဗုဒ္ဓဟူးနေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ဘေးပန်းမှာ ဒီတိုက်ခိုက်မှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ “ညီရင်းအစ်ကိုလို ချစ်ကြည်တဲ့ ဆက်ဆံရေးရှိတဲ့ မိတ်ဆွေပါကစ္စတန်နိုင်ငံထဲက ဘယ်သူ့ကိုမှ အီရန်အနေနဲ့ ပစ်မှတ်ထား မတိုက်ခိုက်ကြောင်း” သူက ပြောပါတယ်။ ပါကစ္စတန်မြေပေါ်မှာရှိတဲ့ အီရန်အကြမ်းဖက်သမားတွေကိုသာ တိုက်ခိုက်ခဲ့ကြောင်း ဖြေရှင်းပါတယ်။ နောက်ပိုင်းမှာ အမီအဗ္ဗဒူလာဟင်က ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Jalil Abbas Jilani နဲ့ စကားပြောခဲ့ပြီး "Jaish al-Adl အဖွဲ့ဟာ အီရန်နဲ့ပါကစ္စတန် ညီအစ်ကိုနှစ်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်ဆန့်ကျင်နေတဲ့အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း" ပြောခဲ့တယ်လို့ အီရန်သံရုံးက X လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အီရန်ဆိုင်ရာသံအမတ်ကို ပါကစ္စတန်ပြန်ခေါ်ယူ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG