သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများ အာဖဂန်-ပါကစ္စတန် ဆွေးနွေး


Afghanistan and Pakistan foreign officials
Afghanistan and Pakistan foreign officials

အာဖဂန်နစ္စတန်အာဏာရတာလီဘန်အဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်တာဝန်ရှိသူတွေနဲ့ ဗုဒ္ဓဟူးနေ့က အစ္စလာမာဘတ်မှာတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေအရေး ဆွေးနွေးခဲ့ကြပါတယ်။

အကြမ်းဖက်အဖွဲ့တွေဟာ အာဖဂန်မြေပေါ်အခြေစိုက်ပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုမြင့်တက်လာနေလို့ နှစ်နိုင်ငံကြားတင်းမာနေတာ လျှော့ချနိုင်ဖို့ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့တာပါ။ ပူးတွဲညှိနှိုင်းရေးကော်မတီ (JCC) လို့ အမည်ပေးထားတဲ့ အခုအစည်းအဝေးကို လာတက်တဲ့ အာဖဂန်ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးတာဝန်ရှိသူတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဇာကြီးမားတဲ့ တာလီဘန်ခေါင်းဆောင် မူလာ ရှရင် အာခွန် (Mullah Shirin Akhund) ကိုယ်တိုင်ဦးဆောင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နှစ်နိုင်ငံရင်ဆိုင်နေရတဲ့ နယ်စပ်ရေးရာစီမံခန့်ခွဲမှုတွေနဲ့ လုံခြုံရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့ ဒီ JCC ကော်မတီကို ဖွဲ့စည်းခဲ့တာပါ။ "JCC အစည်းအဝေးမှာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်သွားလာရေး လွယ်ကူချောမွေ့စေဖို့ ညှိနှိုင်းရေးယန္တရားတွေကို ဆွေးနွေးခဲ့ကြတယ်" လို့ အစည်းအဝေးအပြီးမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ပါဘူး။

တာလီဘန်တွေ အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်း TTP - Tehrik-i-Taliban Pakistan စစ်သွေးကြွအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ တိုးမြှင့်နေကြောင်း ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ TTP ရဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်ပစ်ခတ်တွေကြောင့် ပါကစ္စတန်နိုင်ငံသား ၁,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထက်ဝက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒါဟာ ခြောက်နှစ်အတွင်း သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပါတယ်။

တာလီဘန်တွေ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာရလာပြီးနောက် TTP ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အခြေစိုက် စစ်ဆင်ရေးစခန်းတွေကို အာဖဂန်နယ်စပ်ကို ပြောင်းရွှေ့ခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူတွေက တစိုက်မတ်မတ် စွပ်စွဲနေတာပါ။ ဒါပေမယ့် တာလီဘန်အာဏာပိုင်တွေဘက်ကတော့ TTP အဖွဲ့ ဒါမှမဟုတ် တခြားအဖွဲ့တခုခုကို ပါကစ္စတန် အပါအဝင် တခြား အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေကို တိုက်ခိုက်ခြိမ်းခြောက်တာမျိုးတွေ ခွင့်မပြုထားကြောင်းပြောပြီး စွပ်စွဲချက်တွေကို ပယ်ချလေ့ရှိပါတယ်။ ပါကစ္စတန်ရဲ့ “ပြည်တွင်း” လုံခြုံရေးစိန်ခေါ်ချက်တွေအတွက် အာဖဂန်နစ္စတန်ကို အပြစ်မတင်ဖို့လည်း တာလီဘန်တွေက ပါကစ္စတန်အစိုးရကို အကြိမ်ကြိမ် သတိပေးထားပါတယ်။

ဒါပေမယ့် ပါကစ္စတန်တာဝန်ရှိသူတွေကတော့ တာလီဘန်ရဲ့ TTP အဖွဲ့ကို လက်ခံမထားဘူးဆိုတဲ့ ပြောဆိုချက်တွေကို ဘယ်လောက် ခိုင်မာမှု ရှိ၊ မရှိ မေးခွန်းထုတ်ကြပါတယ်။ TTP ခေါင်းဆောင်တွေကို လွှဲပြောင်းပေးရေးအတွက် အခု သီတင်းပတ်အတွင်း အဆင်မြင့် ဆွေးနွေးပွဲတွေမှာ တာလီဘန် ကိုယ်စားလှယ်တွေကို ဖိအားပေးဖို့ မျှော်လင့်ရပါတယ်။ “TTP ကို နှိမ်နင်းနေတယ်ဆိုတဲ့ တာလီဘန်ရဲ့ပြောဆိုချက်တွေက အထောက်အထား မရှိဘူး” လို့ အာဖဂန်တာလီဘန်တွေနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုမတိုင်ခင်မှာ ပါကစ္စတန်အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ “တာလီဘန်ဘက်က တကယ်သာ ဆန္ဒရှိရင် TTP ကေဒါ အဖွဲ့ဝင်တွေကို လက်နက်ဖြုတ်သိမ်းပြီး တဒါဇင်လောက်ရှိတဲ့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းကို ထိန်းသိမ်းသင့်တယ်” လို့ အမည်မဖော်လိုတဲ့ ပါကစ္စတန် အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG