သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေကြောင့် ပါကစ္စတန်မှာ ဒီနှစ်ထဲ လူ ၇၀၀ ကျော်သေဆုံး


PAKISTAN-UNREST-TRIBAL
PAKISTAN-UNREST-TRIBAL


ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတာမှာ ဒီနှစ် ပထမ (၉)လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ သုတေသနနဲ့ လုံခြုံရေးလေ့လာရေးစင်တာ CRSS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ်နဲ့ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွေမှာ အသေခံ ဗုံးဖောက်ခွဲမှုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် လူ ၆၉ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး နောက်တနေ့မှာပဲ အခုအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

အစ္စလာမ်မာဘတ်မြို့အခြေစိုက် သီးခြားလွတ်လပ်တဲ့ CRSS သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ ဒီနှစ်ထဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း တိုးလာပြီး ဒီသေဆုံးမှုတွေရဲ့ ၉၂ ရာခိုင်နှုန်းက အာဖဂန်နစ္စတန်နဲ့ ထိစပ်နေတဲ့ ပြည်နယ်နှစ်ခုမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီနှစ် ၂၀၂၃ ခုနှစ် ပထမ(၉)လမှာ ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့ဝင် ၃၈၆ ဦးထက်မနည်း သေဆုံးပြီး ဒီအထဲမှာ စစ်တပ်ဖွဲ့ဝင် ၁၃၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၈ ဦး ပါဝင်ကာ သေဆုံးမှုအားလုံးရဲ့ ၃၆% ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ ပါကစ္စတန်စစ်တပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်က ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၃ ဦးလည်း ပါဝင်ကြောင်း CRSS က ပြောပါတယ်။

ဒါပေမဲ့ ပါကစ္စတန်စစ်တပ် သတင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ဗွီအိုအေက စုစည်းထားတဲ့ အချက်အလက်တွေ အရတော့ ဒီနှစ်ထဲ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်မှုတွေနဲ့ စစ်သွေးကြွ ချေမှုန်းရေး တိုက်ခိုက်မှုတွေအတွင်း စစ်သားနဲ့ စစ်တပ်အရာရှိ ၂၁၄ ဦး သေဆုံးတာကိုပဲ အတည်ပြုထားပါတယ်။

သောကြာနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကတော့ ပြီးခဲ့တဲ့ လတွေအတွင်း ပါကစ္စတန်မှာ လူအသေအပျောက် အများဆုံးဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။ ဒီလိုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အများစုနဲ့ပတ်သက်လို့ IS-K သို့မဟုတ် IS-Khorasan လို့ လူသိများတဲ့ IS အကြမ်းဖက်အဖွဲ့ ခွဲ နဲ့ Baluchistan အခြေစိုက် Baluch (ဗာလု) ခွဲထွက်ရေးသမား စစ်သွေးကြွေတွေကို မကြာခဏ အပြစ်တင်လေ့ရှိပါတယ်။

ကမ္ဘာတဝန်းမှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ TTP ပါကစ္စတန်-တာလီဘန် အဖွဲ့ကတော့ စစ်သားတွေနဲ့ ရဲဝန်ထမ်းတွေကို အဓိက ပစ်မှတ်ထားတဲ့ မကြာသေးမီက တိုက်ခိုက်မှုတချို့ဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောထားပါတယ်။ TTP ပါကစ္စတန်-တာလီဘန် အဖွဲ့ဟာ အာဖဂန် တာလီဘန်အဖွဲ့နဲ့ မဟာမိတ်ဖြစ်ပြီး အာဖဂန်နစ္စတန်နယ်စပ်မှာ အခြေစိုက်သလို တာလီဘန်တွေ အာဏာ ပြန်ရပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက စွပ်စွဲ ပြောဆိုထားပါတယ်။

အာဖဂန်နစ္စတန် တာလီဘန် အာဏာပိုင်တွေဘက်ကတော့ သူတို့မြေပေါ်မှာ ဘယ်အဖွဲ့ကိုမှ အခြေစိုက်ခွင့်ပေးပြီး ပါကစ္စတန်အပါအဝင် တခြား တိုင်းပြည်တခုခုကို တိုက်ခိုက်ဖို့ ခွင့်ပြုမထားဘူးလို့ ငြင်းဆိုပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ဘက်ကတော့ TTP အဖွဲ့ရဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးပေးဖို့ အာဖဂန်နစ္စတန်အပေါ် သံတမန်ရေးရာ ဖိအားပေးမှုတွေ မကြာသေးမီက အရှိန်မြှင့်ခဲ့ပါတယ်။ အခု သီတင်းပတ်အစောပိုင်းမှာတင် နိုင်ငံခြားရေးဝန်ကြီး Jalil Abbas Jilani က ပါကစ္စတန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ TTP စစ်သွေးကြွ ၂၀၀ ကို အာဖဂန်နစ္စတန်မြေပေါ်မှာ တာလီဘန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုကို အာဖဂန်အာဏာပိုင်တွေ ဘက်ကတော့ အခုအချိန်အထိ တစုံတရာ အတည်ပြုတာ၊ ငြင်းဆိုတာ မရှိသေးပါဘူး။

အကြမ်းဖက်မှုတွေကြောင့် ပါကစ္စတန်မှာ ဒီနှစ်ထဲ လူ ၇၀၀ ကျော်သေဆုံ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG