သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ တရုတ်လုပ်သားတွေ အတိုက်ခိုက်ခံရ


ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်ထဲက တရုတ်က ကြီးကြပ်နေတဲ့ အာရေဗျပင်လယ်ဆိပ်ကမ်း Gwadar (ယခင်မှတ်တမ်းဓာတ်ပုံ)
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်ထဲက တရုတ်က ကြီးကြပ်နေတဲ့ အာရေဗျပင်လယ်ဆိပ်ကမ်း Gwadar (ယခင်မှတ်တမ်းဓာတ်ပုံ)

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်ထဲက တရုတ်က ကြီးကြပ်နေတဲ့ အာရေဗျပင်လယ်ဆိပ်ကမ်း Gwadar ကိုသွားမယ့် တရုတ် အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ မော်တော်ယဉ်တန်းကို လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပြောပါတယ်။

ပါကစ္စတန်ရဲ့မဟာဗျူဟာကျ ရေနက်ဆိပ်ကမ်းကိုသွားမယ့် တရုတ်နိုင်သား ၂၃ ယောက်ကို ကျည်မပေါက်တဲ့ကားအမျာအပြားနဲ့ လေဆိပ်ကနေကြိုလာတာဖြစ်ပြီး သူပုန်တွေက သေနတ်တွေနဲ့မပစ်ခတ်ခင် လမ်းဘေးထောင်ဗုံးဖေါက်ခွဲပြီး ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ယာဉ်တန်းကိုစောင့်ကြပ်လိုက်ပါလာတဲ့ လုံခြုံရေးတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်သမား ၂ ဦးကိုအသေရမိသလို လုံခြုံရေး တပ်သား အများအပြားလည်း ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဒေသဆိုင်ရာ ရဲနဲ့စစ်တပ်အရာရှိတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားအားလုံး ထိခိုက်ဒဏ်ရာမရကြောင်းလည်း အစ္စလန်မဘတ်မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့အတွက် သေချာစုံစမ်းပြီး တာဝန်ရှိသူကို ပြင်းပြင်းထန်ထန်အရေးယူဖို့လည်း ပါကစ္စတန်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

ပါကစ္စတန်အစိုးရဘက်ကတော့ တစုံတရာ ပြန်ကြားတာမရှိသေးပါဘူး။ ဒါပေမယ့် ပါကစ္စတန်စစ်တပ်ကတော့ ဒီတိုက်ခိုက်မှုအတွက် စစ်တပ်ရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကို အသေးစိတ်ဖေါ်ပြထားပြီး နိုင်ငံ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးထိခိုက်အောင် လုပ်ဆောင်တာမှန်သမျှကို ဆက်ပြီး ချေမှုန်းမှာ ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီဒေသမှာလှုပ်ရှားနေတဲ့ BLA ခေါ် ဘလူချီစတန်လွတ်မြောက်ရေးတပ် ကတော့ တနင်္ဂနွေနေ့ Gwadar က တိုက်ခိုက်မှုဟာ သူတို့ လုပ်ဆောင်တာ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့တိုက်ခိုက်မှုကြောင့် တရုတ်အလုပ်သမားတွေနဲ့ ပါကစ္စတန်လုံခြုံရေးတပ်သားတွေ အများအပြား သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ တရုတ်- ပါကစ္စတန် စီးပွါးရေးစင်္ကြန် CPEC ရဲ့ အခြေခံအဆောက်အုံဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေကို BLA က အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG