သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၅ ဦးအထိတိုး


ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က အသေခံဗုံးဖောက်ခွဲခံရတဲ့ နိုင်ငံရေးစုဝေးပွဲတခုကျင်းပရာ ရွက်ဖျဉ်တဲကြီးကို တွေ့ရစဉ် (ဇူလိုင် ၃၁၊ ၂၀၂၃)
ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က အသေခံဗုံးဖောက်ခွဲခံရတဲ့ နိုင်ငံရေးစုဝေးပွဲတခုကျင်းပရာ ရွက်ဖျဉ်တဲကြီးကို တွေ့ရစဉ် (ဇူလိုင် ၃၁၊ ၂၀၂၃)

တနင်္ဂနွေနေ့ကလုပ်တဲ့ ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က နိုင်ငံရေးစုဝေးပွဲတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် သေဆုံးသူ ၄၅ ဦးထက်မနည်းရှိသွားပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ ပေါက်ကွဲမှုက ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်နား Bajaur လူမျိုးစုနယ်မြေ Khar ဒေသ သဘောထားပြင်းထန်တဲ့ အစ္စလာမ်နိုင်ငံရေးနဲ့ဆက်နွယ်တယ်လို့ လူသိများတဲ့ ရှေးရိုးစွဲဝါဒီ Jamiat Ulema Islam (JUI-F) ပါတီရဲ့ နိုင်ငံရေးပွဲတခုမှာ ဖြစ်ခဲ့တာပါ။

ဗီဒီယိုဖိုင်တခုမှာတော့ ပေါက်ကွဲမှုဖြစ်ပွါးတဲ့ အချိန်က ရွက်ဖျဉ်တဲကြီးတခုထဲ လူတွေစုဝေးထိုင်နေတာကို တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားတယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Rana Sanaullah ကတွစ်တာမှာရေးပါတယ်။ ၂၀၂၁ သြဂုတ်လ အာဖဂန်နစ္စတန်ကို တာလီဘန်တွေ ပြန်ပြီးသိမ်းပိုက်ခဲ့တဲ့ အချိန်ကတည်းက ပါကစ္စတန်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေပိုများလာပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသူတဦးရဲ့ ဈာပန (ဇူလိုင် ၃၁၊ ၂၀၂၃)
ပါကစ္စတန် အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က အသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသွားသူတဦးရဲ့ ဈာပန (ဇူလိုင် ၃၁၊ ၂၀၂၃)

ဒီလိုတိုက်ခိုက်မှုတွေနောက်ကွယ်မှာ အာဖဂန်တာလီဘန်တို့နဲ့ ဆက်နွယ်တဲ့ Tehreek-e-Taliban Pakistan (TTP) စစ်သွေးကြွအဖွဲ့ ပါဝင်တယ်လို့ ယူဆကြတာပါ။ ဒါပေမဲ့ အခုတိုက်ခိုက်မှုကိုတော့ (TTP) အဖွဲ့က သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ တာလီဘန်တွေကလည်း သူတို့အနေနဲ့ ပါကစ္စတန်ကို ဆန့်ကျင်တဲ့ အကြမ်းဖက်သမားတွေကို အာဖဂန်မှာ ခိုလှုံခွင့်ပြုမထားသလို၊ အခုလို တိုက်ခိုက်မှုမျိုးကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ပြောခွင့်ရ Zabiullah Mujahid က တွစ်တာမှာရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG