သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံး စစ်သား (၉) ဦးသေဆုံး


၂၀၂၃ ဇူလိုင်လ၁၃ ရက်နေ့က ပါကစ္စတန်နိုင်ငံ။ ခိုင်ဘာ ပတ်တွန်ခွါပြည်နယ်ထဲ ဗုံးပေါက်ကွဲရာနေရာကို လုံခြုံရေးချထားစဥ်။
၂၀၂၃ ဇူလိုင်လ၁၃ ရက်နေ့က ပါကစ္စတန်နိုင်ငံ။ ခိုင်ဘာ ပတ်တွန်ခွါပြည်နယ်ထဲ ဗုံးပေါက်ကွဲရာနေရာကို လုံခြုံရေးချထားစဥ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံနဲ့ ကပ်လျက်မတည်ငြိမ်တဲ့ Khyber Pakhtunkhwa ပြည်နယ်၊ Bannu အရပ်မှာ ကြာသပတေးနေ့က ပါကစ္စတန်စစ်တပ်ယာဉ်တန်းကို အသေခံဗုံးခွဲသမားက မော်တော်ဆိုင်ကယ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၉ ဦး သေဆုံးရပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ ပါကစ္စတန်အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်ယာယီဝန်ကြီးချုပ် Anwaar-ul-Haq Kakar က ပြစ်တင်ရှုတ်ချကြောင်း တွစ်တာ X လူမှုကွန်ယက်ကနေ ပြောပါတယ်။ စစ်သား ၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရစေတဲ့ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို ပါကစ္စတန်အစိုးရက လက်မခံကြောင်းလည်း ပြောပါတယ်။

အခင်းဖြစ်ပွါးတဲ့ဒေသမှာ TTP လို့ခေါ်တဲ့ ပါကစ္စတန် တာလီဘန်တွေက အစိုးရတပ်တွေကို ပစ်မှတ်ထားပြီး မကြာခဏတိုက်ခိုက်လေ့ရှိပေမယ့် အခု တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ထုတ်မပြောကြသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ တောင်ပိုင်း ဝါဇီရစ်စတန်ဒေသမှာ TTP သူပုန်တွေရဲ့တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၆ ဦး သေဆုံးခဲ့ရပါတယ်။
အခုလပိုင်းတွေအတွင်း ပါကစ္စတန်မှာ ပါကစ္စတန်တာလီဘန်တွေနဲ့ တခြားလက်နက်ကိုင်သူပုန်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေပြီး ဒီနှစ်ထဲဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့် ပါကစ္စတန်နိုင်ငံတလွှား စစ်ဘက်နဲ့ အရပ်ဘက် သေဆုံးရသူ ၅၀၀ လောက် ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်စကနေ အခုအချိန်အထိ သေဆုံးရတဲ့ စစ်သား ၁၄၀ ကျော်ရှိတယ်လို့ စစ်တပ်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အိမ်နီးချင်းအာဖဂန်နိုင်ငံမှာ တာလီဘန်တွေထိန်းချုပ်ခဲ့တဲ့နောက်ပိုင်း အခုလို အကြမ်းဖက်မှုတွေတိုးလာတာဖြစ်ပြီး ကုလသမဂ္ဂအစီရင်ခံစာတွေမှာတော့ TTP အဖွဲ့ဝင် ခန့်မှန်းခြေ ၆,၀၀၀ လောက် အာဖဂန်နစ်စတန်ထဲမှာ လှုပ်ရှားနေတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG