သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် လူမှုဒုက္ခ နိုင်ငံတကာ ကူညီဖြေရှင်းဖို့ တရုတ်-ပါကစ္စတန် တိုက်တွန်း


ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေးတဲ့ တရုတ်သမ္မတ Xi Jinping (ယာ) နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan. (ဖေဖော်ဝါရီ ၆၊ ၂၀၂၂)
ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေးတဲ့ တရုတ်သမ္မတ Xi Jinping (ယာ) နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan. (ဖေဖော်ဝါရီ ၆၊ ၂၀၂၂)

(Zawgyi / Unicode)

တရုတ်သမ္မတ Xi Jinping နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan တို့ တနင်္ဂနွေနေ့မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အိမ်နီးချင်း အာဖဂန်နစ္စတန်မှာ ကျရောက်လုဆဲဆဲ လူသားစာနာမှု ပြဿနာကို ကာကွယ်နိုင်အောင် နိုင်ငံတကာက အကူအညီတွေ တိုးပေးဖို့ အရေးတကြီး လိုအပ်နေကြောင်း ခေါင်းဆောင် ၂ ဦးက ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမှာ ကျင်းပနေတဲ့ အိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တရုတ်သမ္မတက တွေ့ဆုံခဲ့တာဖြစ်ပြီး ၄ ရက်ကြာခရီး လာရောက်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံပွဲ အပြီးမှာ ခုလို ၂ နိုင်ငံ ပူးတွဲကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ထဲမှာ အာဖဂန်နစ္စတန်ရဲ့ အရန်ငွေကြေးကို ထိန်းချုပ်ထားမှုတွေ ပြန်ဖြေလျှော့ပေးရေး အပါအဝင် အာဖဂန်ကို အထောက်အပံ့တွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးအပ်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လို့ သိကြတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုရှိတဲ့ CPEC နဲ့ ပတ်သက်ပြီး အာဖဂန်နစ္စတန်အတွက် သက်တမ်းတိုးမြှင့်ပေးရေး ဆွေးနွေးဖို့လည်း တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင် ၂ ဦးဘက်က အသင့်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဖဂန်မှာ မနှစ်က သြဂုတ်လထဲ တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးတဲ့နောက် အာဖဂန်ဗဟိုဘဏ်က အရန်ငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခွဲကျော်ကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချက်ချင်းပဲ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအရန်ငွေ အများစုဟာ အမေရိကန်နိုင်ငံ နယူးယောက် ဗဟိုဘဏ်ကြီးမှာ ရှိနေတာပါ။

တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်မှာ လူဦးရေစုစုပေါင်းရဲ့ ထက်ဝက်ကျော် ဒါမှမဟုတ် လူပေါင်း ၂၄ သန်းလောက်ဟာ ဆိုးဝါးတဲ့ အငတ်ဘေးနဲ့ ကြုံရနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG