သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်နဲ့ ဆက်ဆံတဲ့ နိုင်ငံတွေအပေါ် တရုတ်အစိုးရဖိအားပေး


ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အာဏာရ DPP ပါတီကိုယ်စားပြု အနိုင်ရခဲ့တဲ့ Lai Ching-te
ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အာဏာရ DPP ပါတီကိုယ်စားပြု အနိုင်ရခဲ့တဲ့ Lai Ching-te

ထိုင်ဝမ်ကျွန်း သမ္မတရွေးကောက်ပွဲမှာ အာဏာရ DPP ပါတီက ၃ ကြိမ်ဆက်အနိုင်ရခဲ့ပြီးနောက် တရုတ်နိုင်ငံက ထိုင်ဝမ်နဲ့အဆက်အဆံရှိတဲ့နိုင်ငံတွေအပေါ် ဖိအားတွေ တိုးပေးနေပါတယ်။ ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးရှိတဲ့နိုင်ငံတွေကို သူ့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းတာ၊ အနိုင်ရသမ္မတကို ဂုဏ်ပြုစကားပြောတဲ့နိုင်ငံတွေကို ဝေဖန်တာမျိုးတွေ တရုတ်အစိုးရက လုပ်နေပါတယ်။

အမေရိကန်လို ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်သွားမယ်လို့ ပြောထားတဲ့ Lai Ching-te သမ္မတရွေးကောက်ပွဲမှာ နိုင်ခဲ့ပြီးနောက် Nauru ကျွန်နိုင်ငံက တရုတ်နိုင်ငံနဲ့ တရားဝင်ဆက်ဆံရေးထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် Nauru ကျွန်းနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဌာနက တနေ့ထဲမှာ ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် တရုတ် တပြည်ထောင်မူကို နိုင်ငံအများကလက်ခံထားတဲ့အတွက် ထိုင်ဝမ်နဲ့ တရားဝင်သံတမန် ဆက်ဆံရေး မရှိပါဘူး။ Nauru နဲ့ဆက်ဆံရေးပြတ်သွားတဲ့အတွက် အခုဆိုရင် ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေးထားရှိတဲ့နိုင်ငံက အခု ၁၂ နိုင်ငံပဲ ကျန်ပါတော့တယ်။ အမေရိကန်ကတော့ ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ အလွတ်သဘော အဆင့်မြင့်ကိုယ်စားလှယ်တဖွဲ့ကို ထိုင်ပေကို စေလွှတ်ခဲ့ပါတယ်။

တရုတ်အစိုးရက ထိုင်ဝမ်နဲ့ပတ်သက်လို့ နိုင်ငံတွေအပေါ် ဖိအားပေးနေတာဟာ ပစိဖိတ်သမုဒ္ဒရာဒေသနိုင်ငံတွေမှာ အမေရိကန်ထက် သူ့ရဲ့ ဩဇာ လွှမ်းမိုးနိုင်အောင် ကြိုးပမ်းတာဖြစ်သလို၊ အာဏာရ DPP ပါတီအနေနဲ့ အစွမ်းအစမရှိဘူးဆိုတဲ့ အမြင်ဖြစ်အောင်လုပ်နေတာလို့ ဒေသတွင်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ထိုင်ဝမ်ဟာ သူတို့ပိုင်နယ်နိမိတ်လို့ တရုတ်အစိုးရက သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် သီးခြားလွတ်လပ်တဲ့ ထိုင်ဝမ်အဖြစ်ရပ်တည်တဲ့ DPP ပါတီဟာ နိုင်ငံတကာမှာ နေရာ မရနိုင်ဘူးဆိုတာမျိုးဖြစ်တယ်ဆိုအောင် တရုတ်အစိုးရက ကြိုးစားနေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG