သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်နယ် အများအပြားမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကျရောက်


USA-WEATHER/
USA-WEATHER/

အမေရိကန်ပြည်နယ် အများအပြားမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းကျရောက်

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အများစုမှာ အခု သီတင်းပတ်ထဲ နှင်းမုန်တိုင်းတွေ တိုက်ခိုက်နေပြီး ရေခဲ အမှတ် သုညအောက် အပူချိန် ကျဆင်းနေပါတယ်။ ဒီလို ပြင်းထန်တဲ့ ဆောင်းရာသီဥတုကြောင့် တပတ်အတွင်းမှာ နိုင်ငံတဝန်း သေဆုံးသူ ၄၀ ကျော်ရှိ နေပြီး တန်နက်ဆီပြည်နယ်တခုတည်းမှာတင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးဒဏ်၊ နှင်းဒဏ်၊ လေဒဏ်နဲ့ ပြင်းထန်တဲ့ အအေးဒဏ်ကြောင့် နှစ်ပတ်အတွင်း အမေရိကန်မှာ သေဆုံးရသူက အနည်းဆုံး လူ ၅၀ ရှိနေပြီလို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ကားလမ်းနဲ့ လေကြောင်း သွားလာရေးတွေမှာလည်း အန္တရာယ်တွေ၊ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

တချို့နေရာတွေမှာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အော်ရီဂွန်ပြည်နယ်မှာဆိုရင် အေးခဲနေတဲ့ နှင်းမိုးရွာသွန်းမှုကြောင့် တပတ်အတွင်း လျှပ်စစ်ဓာတ်အား ၁၀၀,၀၀၀ ကျော် ပြတ်တောက်ခဲ့ပါတယ်။ သောကြာနေ့က နယူးယောက်နဲ့ ဝါရှင်တန်ဒီစီ တို့မှာ ဆီးနှင်း အသစ်တွေ ထပ်ကျခဲ့ပြီး အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ လေအေး တိုက်ခိုက်မှုဒဏ်ကြောင့် အပူချိန်ဟာ သုညအောက် ၃၀ ဒီဂရီ ဖာရင်ဟိုက် (စင်ဒီဂရိတ်နဲ့ ဆိုရင် အနှုတ် ၃၄) အထိကျဆင်းမယ်လို့ ခန့်မှန်းရပါတယ်။

ကြာသပတေးနေ့ကလည်း ဖီလာဒဲလ်ဖီးယားက ပျံသန်းလာတဲ့ အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်တစင်းဟာ နယူးယောက်ပြည်နယ် ရိုချက်စတာမြို့က လေယာဥ်ကွင်းကို အဆင်း၊ နှင်းထူထပ်တဲ့ ပြေးလမ်းပေါ်မှာ လမ်းချော်ခဲ့ပေမယ့် လူထိခိုက် မှုတော့ မရှိခဲ့ပါဘူး။

နယူးယောက်ပြည်နယ် အပါအဝင် အရှေ့မြောက် ခြမ်းနဲ့ တခြား နိုင်ငံတခုလုံးနီးပါး အော်ရီဂွန်ပြည်နယ်ကနေ တက်နက်စီ ပြည်နယ်အထိ အအေးလွန်ကဲပြီး ရေခဲကာ အန္တရာယ်ရှိတဲ့ ရာသီဥတုအခြေအနေ ကြုံတွေ့နေရတာပါ။ သီတင်းပတ်ကုန်မှာလည်း ရာသီဥတု အခြေအနေက ပိုဆိုးရွားလာဖွယ်ရှိတာကြောင့် ကျောင်းနဲ့ အစိုးရရုံးတွေ ပိတ်ထားရဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG