သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော်၊ အများအပြားဒဏ်ရာရ 


မြန်မာစစ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)
မြန်မာစစ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ မြန်မာ လေတပ်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က Lengpui လေဆိပ်မှာ ပြေးလမ်းချော်ပြီး လမ်းဘေးထိုးဆင်းသွားပါတယ်။ လေယာဉ်ပေါ်ပါ ၁၄ယောက်ထဲက အတော်များများဒဏ်ရာရခဲ့ပြီး ၄ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ အမည်မဖေါ်လိုတဲ့ အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားပါတယ်။ အိန္ဒိယကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က ၂ ရက်ခွဲပြီး အသုတ်လိုက် ပြန်ခေါ်ချိန်မှာ လေယာဉ် ပြေးလမ်းချော်ခဲ့တာပါ။ လက်ရှိအချိန်ထိ အိန္ဒိယ နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်သား ၈၀၀ လောက် ကို ပြန်ပို့ထားပြီးပြီလို့လည်း ဒေသခံ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ မြန်မာ လေတပ်လေယာဥ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က Lengpui လေဆိပ်မှာ ဆင်းသက်စဥ် ပြေးလမ်းချော်ပြီး လမ်းဘေးကို ထိုးဆင်းသွားတာပါ။ Lengpui လေဆိပ်မှာ ဆင်းသက်စဥ် တရုတ်နိုင်ငံလုပ် Shaanxi Y-8 မြန်မာစစ်လေယာဥ်ဟာ လမ်းဘေးထိုးဆင်းသွားပြီး လေယာဉ်ပေါ်သူ တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီနေရာမှာသတင်းရယူခဲ့တဲ့ ခေါနူသုမ်သတင်းဌာန အယ်ဒီတာ ဦးရောဘတ်က ဗွီအိုအေ ကိုခုလိုပြောပြပါတယ်။

"လေယာဉ်ပေါ်မှာက လေယာဉ်မှုးအပါအဝင် ၁၄ယောက်လောက် ပါတယ်ပြောတယ်။ ၁၄ယောက်မှာ ၈ယောက်က ဒဏ်ရာရတယ်။ ၆ ယောက်ကတော့ဘာမှမဖြစ်ဘူးလို့ကြားတယ်။ ၈ ယောက်ဒဏ်ရာရတဲ့သူတို့ကို Lengpuiလေဆိပ်အနီးက Lengpui ဆေးရုံကို ခေါ်သွားကြ တယ်။ ဒီနေ့သူတို့ ပြန်ပို့ဖြစ်မယ်မထင်တော့ဘူး။ သူတို့လေယာဉ်ကလည်း နည်းနည်းပျက်ဆီးတဲ့သဘောရှိတယ် လေယာဉ်ခါးက ကျိုးသလို ဖြစ်သွားတယ်။ မနေ့က တခေါက်လာပြီးပြီ။ ၁၈၄ ဦး မနေ့ကတနင်္လာနေ့ကခေါ်ထုတ်သွားတယ်။ အခုဒုတိယအသုတ်အနေနဲ့ပြန်လာပြီးတော့ ကျန် ခဲ့တဲ့ ၉၂ ယောက်ကိုပြန်ခေါ်ထုတ်ဖို့ ဆင်းလာတဲ့အခါမှာ အခုလိုလေယာဉ်ပြေးလမ်းချော်ပြီး မတော်တဆဖြစ်တာ။"

မြန်မာစစ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)
မြန်မာစစ်လေယာဉ် အိန္ဒိယမှာ ပြေးလမ်းချော် (ဇန်နဝါရီ ၂၃၊ ၂၀၂၄)

ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံလာခဲ့ကြတယ်လို့ အိန္ဒိယ အာသံရိုင်ဖယ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ ဗိုလ်မှူးကြီးတဦး၊ တခြားအဆင့် အရာရှိ ၃၆ ဦးနဲ့ အဆင့်နိမ့်ဝန်ထမ်း ၂၄၀ လောက် ပါဝင်တယ်လို့ လည်း အိန္ဒိယသတင်းတွေ မှာဖော်ပြထားပါတယ်။ AA ရခိုင်တပ်တော်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်လာတာကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ခုလို ထွက်ပြေးခိုလှုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အိန္ဒိယ နိုင်ငံဘက်က နေထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သား အယောက် ၈၀၀ လောက်ကို ပြန်ပို့ခဲ့တယ်လို့ Chin Human Right Organization (CHRO)အဖွဲ့ရဲ့ စီမံအရာရှိ Salai Mang Hre Lian က ဗွီအိုအေကို အခုလိုပြောပါတယ်။

"အိန္ဒိယနေဘယ်လောက်ထိ ဘယ်လောက်ထိပြန်ပို့လဲဆိုတာကျနော်တို့စာရင်းတိတိကျကျမှတ်တမ်းတင်မရဘူး။ ဒါပေမယ့်ကျနော်တို့ကြားသလောက် စုထားတာအရ ဇွန် ၂၀ရက်အထိ အဲဒီမှာ မြန်မာစစ်သားပြန်ပို့တာက ၆၀၀ကျော်ပြီလို့ပြောတယ်ပေါ့နော်။ မနေ့ကလည်း ထပ်ပို့တာရှိတာပေါ့ အဲအဖွဲ့မှာက လူအယောက် ၂၇၀ကျော်ရှိတယ်ပြောတယ် ဆိုတော့ စုစုပေါင်းက ၈၀၀ကျော်ပြီလို့ကျနော်တို့ပြောလို့ရတာ ပေါ့ဗျာ"

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က Shillong မှာလုပ်တဲ့ အရှေ့မြောက်ကောင်စီအစည်းအဝေးမှာ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah နဲ့တွေ့ဆုံချိန် စစ်ကောင်စီတပ်သားတွေကို အမြန်ဆုံးပြန်လည်ပို့ဆောင်ဖို့ တိုက်တွန်းပြောဆိုခဲ့ တာရှိခဲ့တယ်လို့ အိန္ဒိယသတင်းစာတွေကဖော်ပြထားတာပါ။ ဒီလိုတိုက်တွန်းမှုအပြီးမှာဘဲ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို အိန္ဒိယ ပြန်လည် ပို့ဆောင်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေပြင်းထန်လာချိန်မှာ အိန္ဒိယမြန်မာ ၂ နိုင်ငံ နယ်မြေချင်းထိစပ်နေတဲ့ မိုင် ၁၀၀၀ ကျော်ကို ခြံစည်းရိုးခတ်ဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ချက်ချထားသလို နယ်စပ်မှာနေထိုင်တဲ့ လူမျိုးစုဝင်တွေ ၂ နိုင်ငံနယ်စပ်တလျှောက် ဗီဇာမလိုဘဲ ၁၆ကီလိုမီတာအတွင်းထိ သွားလာနိုင်ခွင့်ကို ပယ်ဖျက်ဖို့လည်း ပြန်လည်သုံးသပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG