သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၁၀ ကျော် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိ


အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော်ဟာ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ရိုဟင်ဂျာအမျိုးသား ၅၉ ယောက်၊ အမျိုးသမီး ၅၈ ယောက်ကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့တုန်းက ဖမ်းဆီးလိုက်ကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကိုကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်းနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို သွားမယ့်သူတွေလို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေကနေ ရေကြောင်းက ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံထဲ ပို့ဆောင်ပေးဖို့ လူမှောင်ခိုတွေက သံဖြူဇရပ်မြို့မှာ စီစဉ်ထားပေမဲ့ နောက်ပိုင်းမှာ ပစ်ထားခဲ့တာလို့လည်း ကနဦး စုံစမ်းတွေ့ရှိချက်တွေကို ကိုးကားပြီး သတင်းက ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးကြရသလို အများအပြားဟာလည်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ချို့ချို့တဲ့တဲ့ နေထိုင်နေကြရတာပါ။ နိုင်ငံသား အခွင့်အရေး အပါအဝင် အခွင့်အရေး ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးပမ်းရာက အန္တရာယ်များတဲ့ ရေကြောင်းခရီးမှာ သေဆုံး၊ ပျောက်ဆုံးမှုတွေဟာလည်း သိသိသာသာ တိုးလာနေတယ်လို့ ကုလသမဂ္ဂက ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG