သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းဆူမာထရာကိုရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေကူညီ


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမာထရာက ကျေးရွာ ရိုဟင်ဂျာမွတ်ဆလင်တွေ စီးလာတဲ့ သစ်သားလှေကြီး
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမာထရာက ကျေးရွာ ရိုဟင်ဂျာမွတ်ဆလင်တွေ စီးလာတဲ့ သစ်သားလှေကြီး

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမာထရာက Deli Serdang ‌ဒေသခံတွေဟာ အာချေးမြောက်ပိုင်းက ဒေသခံတွေနဲ့မတူဘဲ သူတို့ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာ ၁၄၇ ဦးကို ကူညီဖို့ ရောက်လာကြပါတယ်။ ဒီဇင်ဘာလ ၃၀ရက်၊ စနေနေ့ည ၁၁ နာရီလောက်မှာ Deli Serdang ဒေသက ကျေးရွာတခုအနီးကမ်းခြေကို ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဒုက္ခသည်တွေ ဆိုက်ရောက်ခဲ့ကြတာပါ။ အနီးမှာရှိတဲ့ Kwala Besar ကျေးရွာသားတွေရောက်လာကြပြီး ဒုက္ခသည်တွေကို အစားအစာ၊ သောက်ရေနဲ့ လိုအပ်တဲ့အဝတ်အထည်တွေ ထောက်ပံ့ကူညီခဲ့ကြပါတယ်။

ဒုက္ခသည်တွေမှာ အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၃၉ ဦးနဲ့ ကလေးငယ် ၅၅ ဦးတို့ပါဝင်ကြပါတယ်။ သူတို့ဟာ ခနော်နီခနော်နဲ့ လှေငယ်တစင်းနဲ့ အဲဒီကို ဆိုက်ရောက်လာတာဖြစ်ကြပါတယ်။ သူတို့မှာ လုံလောက်ပြည့်စုံတဲ့အဝတ်အစားမျိုးလိုအပ်နေပြီး လူသားချင်းစာနာမှုအရ သူတို့ကို အစားအသောက်နဲ့ အဝတ်အထည်တွေ မျှဝေပေးခဲ့တယ်လို့ အကူအညီပေးနေတဲ့ Kwala Besar ကျေးရွာသားတဦးဖြစ်သူ ဟူစနီတာမရင် က VOA အင်ဒိုနီးရှားဌာနကို ပြောပါတယ်။ သူတို့အနေနဲ့ အကောင်းဆုံးတတ်နိုင်သလောက်သာ ရိုဟင်ဂျာတွေကို အကူအညီပေးနိုင်တယ်လို့ ဟူစနီကပြောပါတယ်။ စနေနေ့ကတည်းက ရောက်လာကြတဲ့ ဒီဒုက္ခသည်တွေကို လိုအပ်တာတွေ အကူအညီပေးဖို့ အစိုးရရော တခြားအဖွဲ့အစည်းတွေကပါ တုံ့ပြန်မှုနှေးကွေးနေကြတယ်လို့ စိတ်ပျက်လက်ပျက် သူက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒါ အတတ်နိုင်ဆုံးပဲလေ။ ကျနော်တို့လူမှုအသိုက်အဝိုင်းက မျှော်လင့်တာကတော့ သူတို့ကို အစိုးရအနေနဲ့ အလျင်အမြန်အကူအညီတွေ ပေးကြဖို့ပါ။”

အခုရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၇ ဦးဟာ တာပေါ်လင်နဲ့လုပ်တဲ့ တဲကြီးတခုအောက်မှာ ခိုလှုံနေကြပါတယ်။ ဗွီအိုအေသတင်းထောက်က အဲဒီကိုရောက်သွားတဲ့အချိန်မှာ သူတို့ကို သယ်လာတဲ့ လှေကြီးက ကမ်းမှာ ဆိုက်ထားပါတယ်။ ကလေးငယ်အတော်များများ အော်ဟစ်ငိုယိုနေပါတယ်။ မိဘတွေက ဘာမှ သိပ်မလုပ်ပေးနိုင်ပါဘူး။ တဲကြီးရဲ့ ဒေါင့်တနေရာမှာတော့ ဒေသခံတွေဆီက အစားအသောက်နဲ့ အဝတ်အထည်တချို့ကို တွေ့ရပေမယ့် သူတို့မှာ ရေသန့်မရကြသေးပါဘူး။ အခုရောက်လာတဲ့ ရိုဟင်ဂျာအားလုံးဟာ ဒုက္ခသည်တွေလားဆိုတာ မသိရသေးပေမယ့် ဒုက္ခသည်တချို့ကတော့ သူတို့မှာပါလာတဲ့ ဒုက္ခသည်များဆိုင်ရာကုလမဟာမင်းကြီးရုံး UNHCR က ထုတ်ပေးထားတဲ့ ဒုက္ခသည်ကဒ်တွေကို ပြပါတယ်။ ညပိုင်း ရောက်လာတာနဲ့အမျှ ကလေးငယ်တွေ အော်ဟစ်ငိုယိုနေတာတွေကို အနီးအနားကူညီနေကြတဲ့ ဒေသခံတွေ မခံစားနိုင်ကြတော့ဘူးလို့ ဟူစနီက ပြောပါတယ်။

“သူတို့ကို ကြည့်ရတာ ကြေကွဲစရာပါပဲ။ မနေ့ညက ကျနော် ဒီမှာပဲ အိပ်တယ်။ ကလေးတွေအားလုံးက ငိုယိုနေကြတယ်။ ကျနော်ဘယ်လိုမှ ခံစားလို့မရဘူး။”

အစိုးရအနေနဲ့ ဒီ ဒုက္ခသည်တွေကို ပိုပြီးကောင်းမွန်တဲ့နေရာတခုကို ရွှေ့ပေးမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဟူစနီက ပြောပါတယ်။

“သူတို့ပြန်လို့ရပြီဆိုရင်တော့ ပြန်ပို့ပေါ့လေ။ ပြန်မရဘူးဆိုရင်တော့ ယာယီထားနိုင်မယ့် သင့်တော်တဲ့နေရာတခုတော့ ပေးစေချင်တယ်။”

Kwala Besar ကျေးရွာရဲ့ နောက်ထပ်ဒေသခံတဦးဖြစ်တဲ့ မောလိဒါ အနီဆာကတော့ အခုလို အခြေအနေမျိုး ဒုက္ခသည်တွေရောက်လာရင် ဘယ်လိုလုပ်ကြရမလဲဆိုတာ အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း လမ်းညွှန်မှုထုတ်ပေးဖို့ သူတို့ကတော့ မျှော်လင့်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အခု လတ်တလောမှာတော့ ဒေသခံတွေအနေနဲ့ ကူညီဖို့ ဝန်မလေးဘူးလို့ ပြောပါတယ်။

“အစိုးရအနေနဲ့ ပြတ်ပြတ်သားသားလုပ်ရပါမယ်။ ရိုဟင်ဂျာတွေရောက်လာတာ ကန့်ကွက်ပါတယ်။ ကလေးငယ်တွေအခြေအနေကိုကြည့်ပြီး အင်မတန်သနားမိပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ သူတို့ ဒီကို ရွှေ့မလာစေချင်ပါဘူး။”

ဒုက္ခသည်တဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မိုဟာမက် ဆာရာဒ်ကတော့ ဒေသခံတွေ သူတို့ကို အကူအညီပေးကြတဲ့အတွက် အင်မတန်ကျေးဇူးတင်ရပါတယ်လို့ အသိအမှတ်ပြုပြောဆိုပါတယ်။ သူတို့ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှိနိုင်ငံ ကော့ဗ်ဘဇားဒုက္ခသည်စခန်းကနေ သင်္ဘောတစင်းနဲ့ ထွက်လာခဲ့ကြတာလို့ ပြောပါတယ်။ အခု သူတိုကို သယ်လာတဲ့ သင်္ဘောကတော့ ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီလို့ ပြောပါတယ်။ ဒုက္ခသည်စခန်းက ထွက်လာနိုင်ဖို့ သင်္ဘောမာလိန်မှူးကို ငွေပေးခဲ့ကြရတယ်လို့လည်း ဆာရာဒ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီ မာလိန်မှူးက ထွက်ပြေးသွားပါပြီ။

“သူက ဒီမှာ မရှိတော့ဘူး။ ကျနော်တို့ ကမ်းမရောက်ခင် နာရီပိုင်းကပဲ ထွက်သွားကြတာ။ သူနဲ့ စုစုပေါင်းသုံးဦးတို့ တခြားသင်္ဘောတစင်းနဲ့ ထွက်သွားကြတယ်။”

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Yanuar Farhanditya ကတော့ အခု ဒုက္ခသည်တွေရောက်နေတဲ့ နေရာကို ဆက်သွယ်သွားလာဖို့ အတော်ကြီးခက်ခဲတယ်လို့ပြောပါတယ်။ ဒါကြောင့် အကူအညီပေးနိုင်ရေးမှာ ခက်အခဲတွေရှိနေပါတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ အလွယ်တကူသွားရောက်ကူညီနိုင်မယ့် နေရာတခုကို အစိုးရအနေနဲ့ သတ်မှတ်ထားပေးဖို့မျှော်လင့်ပါတယ်။ အခုတော့ သူတို့တွေဟာ ယာယီတဲဖျင်တခုအောက်မှာပဲ နေနေကြရတာပါ။”

အခု ဒီကို ရောက်လာကြတဲ့ ဒုက္ခသည်အရေအတွက်ကို ဆန်းစစ်ပြီးရင်တော့ ဒုက္ခသည်မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်တွေ မကြာခင်စနိုင်မယ်လို့တော့ Yanuar က ပြောပါတယ်။

“ UNHCR အနေနဲ့ IOM အဖွဲ့အစည်းနဲ့အတူ အဲဒီနေရာကို သွားရောက်ပြီး၊ အစိုးရတွေ ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာခင်မှာတော့ အချက်အလက်ကောက်ယူမှုတွေ လုပ်တော့မှာပါ။”

မြောက်ပိုင်း ဆူမာထရာ ယာယီအုပ်ချုပ်ရေးမှူး Hassanudin ကတော့ လက်ရှိ ရှိထားတဲ့လုပ်ငန်းစဉ်အတိုင်းပဲ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ကိုင်တွယ်သွားမယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

“အများပြည်သူနဲ့တိုက်ရိုက်ထိတွေ့လို့မဖြစ်နိုင်သေးတဲ့ နေရာမှာပဲ သူတို့ကို ထားပါတယ်။ အခြေခံလိုအပ်ချက်တွေကို အကူအညီတွေပေးနေပါတယ်။”

မြောက်ပိုင်းဆူမာထရာ ယာယီအုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ညက ပြောသွားတာဖြစ်ပါတယ်။

XS
SM
MD
LG