သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီမှာ အာဆီယံကိုယ်စားလှယ် မြန်မာ့အရေးတင်ပြ


US-UK-UNSC-DIPLOMACY-MYANMAR
US-UK-UNSC-DIPLOMACY-MYANMAR

လုံခြုံရေးကောင်စီမှာ အာဆီယံကိုယ်စားလှယ် မြန်မာ့အရေးတင်ပြ

အာဆီယံဥက္ကဌအဖြစ် တင်ပြတဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အကျပ်အတည်းဆိုင်ရာ အစီအစဥ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က ကြားနာပါတယ်။ လာအိုအစီအစဥ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အလွန်ကီအို ကစ်တစ်ခေါင်း Alounkeo Kittikhoun က တင်ပြပြီး၊ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေ ကို လက်ထောက် အတွင်းရေးမှူးချုပ် Khiari က တင်ပြပါတယ်။

ဒီကနေ့ အစည်းအဝေးဟာ အများပြည်သူဆိုင်ရာ အစည်းအဝေးမဟုတ်တာကြောင့် လုံခြုံရေးကောင်စီအတွင်း ဆွေးနွေးချက်‌တွေကို ခု သတင်းကြေညာချိန်အထိ မသိရသေးပါဘူး။

ဒါပေမဲ့ အီကွေဒို၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ စလိုဗီးနီးယား၊ ဆွစ်ဇာလန်၊ အမေရိကန်နဲ့ ယူကေ ၉ နိုင်ငံက လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်မီမှာ ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး၊ သမ္မတကြီး ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထားသူများ လွှတ်ပေးရေး နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်ဖို့ တောင်းဆိုလိုက်ကြပါတယ်။


ငြိမ်းချမ်းပြီး၊ အားလုံးပါဝင်တဲ့ အနာဂတ် ဒီမိုကရေစီစနစ် လိုလားချက်နဲ့အတူ မြန်မာပြည်သူတွေနဲ့ တလုံးတစည်းတည်း ဆက်လက် ရပ်တည်ကြောင်း ၉ နိုင်ငံ ထုတ်ပြန်ချက်က ပြောပါတယ်။ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက် အကြမ်းဖက်မှုတွေကို ဖော်ပြ ရှုတ်ချထားပြီး၊ အကြမ်းဖက်တာတွေ ရပ်စဲဖို့၊ ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်တာအတွင်းမှာ မြန်မာပြည်သူ ၁၈ သန်း ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပြီး၊ ၂.၆ သန်းက အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတာကြောင့် လူသားချင်းစာထောက်ထားမှု အကူအညီကို အပြည့်အဝ၊ မြန်မြန်ဆန်ဆန်၊ လုံခြုံစိတ်ချစွာနဲ့ အနှောင့်အယှက်မရှိ ပြည်သူတွေ ရရှိအောင် ဆောင်ရွက်ဖို့လည်း စစ်ကောင်စီကို ၉ နိုင်ငံက ထပ်မံတောင်းဆိုလိုက်ကြပါတယ်။

ရိုဟင်ဂျာတွေ အပါအဝင် စစ်ရှောင်ပြည်သူတွေ မိမိသဘောအလျောက်၊ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိ၊ ရေရှည်တည်တံ့တဲ့ အိမ်အပြန်ခရီး ဖြစ်ပေါ်လာဖို့လည်း ၉ နိုင်ငံ ကြေညာချက်က တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG