သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNLA/PDF ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်ပြင်းထန်


KNLA/PDF ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေ။ (Photo: C J)
KNLA/PDF ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေ။ (Photo: C J)

KNLA/PDF ပူပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်ပြင်းထန်

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပဲွ ဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့စခန်း နေရာအတော်များများကို ပူးပေါင်းတပ်ဖဲွ့တွေက စိုးမိုးနေရာယူထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့အထိ တိုက်ပဲွတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ခံစစ်သဘောနဲ့ တပ်တွေ စုစည်းပြီး ခလရ ၉၇ ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ အဲဒီနေရာကို ပူးပေါင်းတပ်ဖဲွတွေဘက်ကလည်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖဲွ့ဘက်က ခေါင်းဆောင်တဦးက ပြောပြပါတယ်။

" ဖေဖေါ်ဝါရီလ ၅ ရက်နေ့အထိ ကော့ကရိတ်မှာ တိုက်ပဲွတွေပြင်းထန်နေပါတယ်။ ဒီနေ့မှာတော့ စကစတပ်ကတော့ သူတို့ရဲ့ တပ်အင်အားတွေဖြစ်တဲ့ တောင်ပေါ်ကျောင်းတို့ နှစ်သစ်ကူးကွင်းတို့က သူတို့အင်အားတွေကို စုပေါင်းပြီ ခလရ ၉၇မှာ အကုန် ပြန်စုလိုက်တယ်၊ ခံစစ် ဆင်ထားပါတယ်။ သူတို့က ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ် လက်နက်ကြီးတွေ အမြှောက်ကြီးနဲ့ လှမ်းပစ်တယ်၊ ရွာထဲ မြို့ထဲ ရပ်ကွက်ထဲကို လှမ်းပစ်တယ်။ လှိုင်၀လို့ခေါ်တဲ့ နေပူခံကုန်းလို့ခေါ်တဲ့ နေရာကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ် ကော့ကရိတ်မှာတလအတွင်း အိမ်ခြေက အလုံး ၃၀၀ ကျော်လောက်ရှိပြီ ၊ မီးလောင်ပျက်စီးခဲ့တာပါ။ "

ကော့ကရိတ်ဒေသခံတွေကတော့ ထွက်ပြေးနေကြပြီး နေ့စဉ်လည်း လက်နက်ကြီးတွေ ကျရောက် ပေါက်ကဲွနေတာကြောင့် ရပ်ရွာတွေေ ေနအိမ်တွေမှာ မနေရဲကြဘူးလို့လည်း ဆိုပါတယ်။ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်လမ်းပိုင်းကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နဲ့ ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသလို တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ အတွင်းမှာလည်း တပ်စခန်းတွေနဲ့ နေရာအတော်များများကို ထိန်းချုပ်ထားနိုင်တယ်လို့လည်း ပြောပါတယ်။

" ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွတံတားဘက်မှာလည်း ကျနော်တို့က စိုးမိုးထားတယ်။ ရဲစခန်းကို သိမ်းထားပြီး စိုးမိုးနယ်မြေ လုပ်ထားပါတယ်။ ဒေါနအရှေ့ခြမ်းမှာဆိုရင်လည်း လက်ခတ်တောင်ကုန်းကို ကျနော်တို့ သိမ်းထားတယ် သူတို့ အဝေးကနေ လက်နက်ကြီးနဲ့ပစ်တယ် လေယာဉ်တွေနဲ့ လာပစ်တယ်။ ဒါပေမဲ့ သူတို့ဘက်က ထိထိရောက်ရောက် ပြန်သိမ်းယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။ "

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း- ခမရ (၃၅၅)မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး ယာဉ်ပေါ်ပါလာတဲ့ တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖဲွ့က ကြေငြာပြီးတဲ့နောက်မှာတော့ အဲဒီနေရာဘက်ကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒီအတွက် သင်္ကန်းညီနောင်က ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကဲွပြီး ကလေးတချို ့သေဆုံးတာ ထိခိုက်ဒဏ်ရာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီဒေသက အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုဆိုရင် သင်္ဃန်းညီနောင် ရွာသစ်ကုန်း အာရှလမ်းသစ် လမ်းပိုင်းကို ပူးပေါင်းတပ်တွေက ထိမ်းချုပ်ထားတဲ့အတွက် ကုန်ကားတွေ ခရီးသည်တင်ကားတွေဟာ ဝှေရှမ်းရွာဘက်ကနေ ရှောင်ကွင်းပြီး သွားလာနေရပါတယ်။ နှစ်ဖက် တိုက်ပဲွတွေကြောင့် ကုန်စည် စီးဆင်းမှုတွေလည်း ပိတ်ဆို့နေပြီး အသွားအလာတွေလည်း ခက်ခဲကြန့်ကြာ နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG