သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဖြစ်ပြီးနောက် ကော့ကရိတ်မြို့တွင်း အိမ်ခြေ ၆၀ မီးလောင် ဆုံးရှုံး


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြို့တော်ဦးရပ်ကွက် စစ်ရှောင်တွေရှိရာ ဗုံးကျရောက်မှုကြောင့် စစ်ရှောင် ၂ ဦးသေဆုံး (နိုဝင်ဘာ ၂၀၊ ၂၀၂၃)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြို့တော်ဦးရပ်ကွက် စစ်ရှောင်တွေရှိရာ ဗုံးကျရောက်မှုကြောင့် စစ်ရှောင် ၂ ဦးသေဆုံး (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်ကတဘက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကတဘက် တိုက်ပွဲဖြစ်ပြီးနောက် မီးလောင်တာကြောင့် စစ်ရှောင်အိမ် ၆၀ လောက် မီးလောင်သွားခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ကတော့ ကော့ကရိတ်မြို့ အမှတ် ၅ ရပ်ကွက်မှာ လူမနေတဲ့နေအိမ်တလုံး စတင်မီးလောင်ရာကနေ အိမ်ခြေ ၆၀ လောက်ပျက်စီးဆုံးရှုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

"မြို့ထဲမှာ နဂိုကတည်းက ရင်ဆိုင်ထားကြတာလေ။ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေဖြစ်ပြီး ညနေ ၂ နာရီလောက်မှာ တိုက်ပွဲငြိမ်သွားတယ်။ အဲဒီကနေ အဲဒီရပ်ကွက်
ဗောဓိကုန်းဘုန်းကြီးကျောင်းအနောက်ဘက် ရပ်ကွက် ၅ ဘက်ကနေ နေအိမ်တလုံး မီးစလောင်တယ်။ အဲဒီကနေတဆင့် လေကလည်းတိုက်တော့ အိမ်အလုံး ၆၀ လောက်ကို မီးဆက်တိုက် လောင်သွားတယ်။ အိုးအိမ်တလုံးဆုံးရှုံးတယ်ဆိုတာကလည်း ပြည်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ၊ လက်ရှိအခြေအနေကလည်း တိုက်ပွဲကတော့မကြာခဏ ဖြစ်နေပါတယ်။"

နေအိမ်မီးလောင်တာဟာ လက်နက်ကြီးကြောင့်လည်းဖြစ်နိုင်သလို ရှို့မီးကြောင့်လည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အခုဆိုရင် တိုက်ပွဲဖြစ်တိုင်းမှာ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲတာကြောင့် အိမ်တွေ မီးလောင်ပျက်စီးတာတွေလည်းရှိသလို တမင် မီးရှို့ဖျက်ဆီးသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂ လနီးပါးကြာ တိုက်ပွဲတွေဖြစ်နေတဲ့ ကော့ကရိတ်မြို့မှာ ဒေသခံ ၂၀ လောက် သေဆုံးရတာတွေ ရှိတယ်လို့လည်းပြောပါတယ်။

"စကစကလည်း လက်နက်ကြီးနဲ့ပစ်နေတယ်။ အဲဒီမှာ ကော့ကရိတ်မှာ သူတို့ရဲ့လက်နက်ကြီးကြောင့် ပြည်သူ ၂၀ ကျော်သေတယ်။ အိမ်အလုံး ၁၀၀ လောက် ပျက်စီးသွားပါတယ်။ မြို့ထဲက လူတသိန်းလောက်ကလည်း မြို့ကိုစွန့်ခွါပြီး ထွက်ပြေးသွားကြရပါတယ်။"

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်ကတော့ အရပ်သားတွေဟာ တိုက်ပွဲဖြစ်ပြီးတိုင်း ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ ပြောပါတယ်။

"တိုက်ပွဲကလည်း တောက်လျှောက်ဖြစ်နေတယ်။ အခု နှစ်ဘက် ထိတွေ့တိုက်ပွဲတွေဖြစ်တိုင်းမှာ အရပ်သားတွေရှိတဲ့ကျေးရွာတွေကို အမြဲတမ်း ပစ်မှတ်ထား
လုပ်ဆောင်နေတယ်။ ကျနော်တို့ထင်တာကတော့ သူတို့က အနှောင့်အယှက်ပေးနိုင်သလောက်ကို ပေးတဲ့သဘောပါပဲ။"

အခုဆိုရင် ကော့ကရိတ်မြို့နယ်ထဲမှာ မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၂၀၀ ခန့်ရှိပြီး အခု မီးလောင်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။အခု ကော့ကရိတ်မြို့ထဲက မီးလောင်တဲ့နေရာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာမဟုတ်ဘဲ စစ်ကောင်စီဘက်က တပ်သားတွေရှိနေတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အခုဆိုရင် ကော့ကရိတ်မြို့နယ်အပါအဝင် ကရင်ပြည်တွင်း စစ်ဘေးရှောင်သူ ၇ သိန်းကျော်ရှိနေပြီး စားသောက်ရေးနေထိုင်ဖို့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေကပြောကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG