သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးမှုအတွက် စစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ်ကန့်ကွက်


နယ်ခြားစီးဖြတ်ပြီး ခိုဝင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားစဉ်(ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
နယ်ခြားစီးဖြတ်ပြီး ခိုဝင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားစဉ်(ဖေဖော်ဝါရီ ၅၊ ၂၀၂၄)


မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud က ဒီနေ့ အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး အခုလို မော်တာကျည်တွေ နယ်ခြားကျော်ကျနေတာကို လက်ခံနိုင်စရာ မရှိတဲ့အကြောင်း ကန့်ကွက်ပြောဆိုတာပါ။

ဒီနေ့အထိ မြန်မာနိုင်ငံဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် မိသားစုဝင် ၂၂၉ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုဝင်လာတဲ့အကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံဘက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ မနေ့က အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်ကျည် ထိမှန်ဒဏ်ရာရသူ လူနာ အနည်းဆုံး ၁၇ ယောက် ရှိခဲ့ပြီး၊ ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရတဲ့အကြောင်း Cox's Bazar အခြေစိုက် MSF အဖွဲ့ ဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မြန်မာနိုင်ငံဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုဝင်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Shariful Islam က AP သတင်းဌာနကို ပြောဆိုထားပါတယ်။ ၂ နှစ်အတွင်း မြန်မာစစ်သားတွေ ဘင်္ဂလားဒေ့ရှ် နယ်ထဲကို ပထမဆုံးအကြိမ် ဝင်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG