သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေကောင်စစ်ရုံး ဝန်ထမ်းတွေ ရန်ကုန်ရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်


စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး
(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး)
စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး (ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး)

ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးက သံရုံးဝန်ထမ်းတွေ ရန်ကုန်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ နယ်စပ်မှာလည်း ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတိုးမြှင့်နေတာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

လုံခြုံရေးအခြေအနေကြောင့် စစ်တွေမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်ကို ရွှေ့ပြောင်းနေကြောင်း ဘင်္ဂလားဒေ့ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြနေပါတယ်။ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံး ကောင်စစ်ဌာန အရာရှိတဦးကတော့ သူတို့အနေနဲ့ ဒီကိစ္စဟာ ပြင်ပကို ပြောလို့မရသေးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဒီသတင်းကို ဘယ်လိုထုတ်ပြန်မလဲဆိုတာ သံအမတ်ကြီးနဲ့ တိုင်ပင်ပြီး သတင်းမီဒီယာကို ပြောမယ်လို့ဆိုပါတယ်။ ဒီကိစ္စကို လက်တလောဖြေဖို့ ငြင်းဆိုပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကို သိထားပြီးဖြစ်မှာပါလို့ ဗွီအိုအေကို ပြောခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud ကတော့ အစောဆုံး ဒီနေ့ကစ ရွှေ့နိုင်ဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။မနှစ်က ၂၀၂၃ အောက်တိုဘာက စခဲ့တဲ့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တချို့ရဲ့ စစ်ပွဲတွေကြောင့် သေဆုံးသူနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ များလာတယ်လို့ Hasan Mahmud က ပြောပါတယ်။ ရိုဟင်ဂျာနဲ့ မြန်မာစစ်သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတဲ့အတွက် အခုတော့ နယ်စပ်ကို ပိတ်ထားလိုက်ပြီလို့ သူက ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောတာပါ။

မကြာသေးခင်ကလည်း မြန်မာဘက်က လက်နက်ကြီး ကျည်ဆံတွေ ကျရောက်ခဲ့လို့ လူနှစ်ယောက် သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေ နှစ်နိုင်ငံနယ်စပ်မှာ ရောက်ရှိနေကြောင်း ရိုဟင်ဂျာ လူငယ်အစည်းအရုံးရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်က ဗွီအိုအေကို ပြောပါတယ်။

" ရခိုင်ဘက်က AA ရှိတယ်၊ စစ်တကောင်းဘက်မှာလည်း လက်နက်ကိုင်တဲ့ အဖွဲအစည်းတွေဘာတွေ ရှိတယ်၊ ဒီဘက်ကလည် မတူကွဲပြားတဲ့ လူမျိုးတွေရှိတယ်၊ မွတ်ဆလင်မဟုတ်တဲ့ ဘင်္ဂလီမဟုတ်တဲ့ သူတွေလည်းရှိတယ်။ နယ်စပ်မှာ ဗမာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ် ကျေးလက်ဘက်မှာ။ ဒါကို စိုးရိမ်နေရတဲ့ အနေအထားမှာပေါ့ နိုင်ငံတနိုင်ငံဆိုတာ၊ နှစ်ဘက်စလုံးမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အထူးတလည် စောင့်ဆိုင်နေရတဲ့ အနေအထားမှာ ရှိတယ်။"

မြန်မာဘက်မှာ သေနတ်သံတွေ အဆက်မပြတ် ကြားနေရတဲ့အတွက် နယ်စပ်နားက ကျောင်းတွေမှာ အခြေခံပညာ စာစစ်ခန်းမတွေကို ပိတ်လိုက်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြန်ထားပါတယ်။ ရခိုင်က ဒေသခံအများအပြားလည်း လုံခြုံတဲ့ တခြားဒေသတွေဆီကို ရှောင်တိမ်းနေကြပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ဘင်္ဂလားဒေရှ့် နိုင်ငံထဲ ထပ်ပြီး ဝင်လာမှာ စိုးရိမ်တဲ့အတွက်နတ်မြစ်အပါအဝင် နယ်စပ်တလျောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ကမ်းခြေစောင့်တပ် က လုံခြုံရေးကို အထူး တင်းကြပ်ထားပါတယ်။ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကလည်း ရိုဟင်ဂျာ ဒုက္ခသည် အယောက် ၁၀၀ လောက် Cox’s Bazar က Teknaf ကူးတို့ဆိပ်နားမှာ နတ်မြစ်ကို ဖြတ်ကူးလာတဲ့အတွက် မြန်မာပြည်ဘက်ကို ပြန်ပို့ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG