သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာပဋိပက္ခကြောင့် ဒေသတည်ငြိမ်ရေးစိုးရိမ်” ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး


အိန္ဒိယနိုင်ငံကိုရောက်နေတဲ့ ဘင်္လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ဝဲ) က အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး Ajit Doval (ယာ) နဲ့တွေ့ဆုံ။(ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄)
အိန္ဒိယနိုင်ငံကိုရောက်နေတဲ့ ဘင်္လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ဝဲ) က အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး Ajit Doval (ယာ) နဲ့တွေ့ဆုံ။(ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄)

မြန်မာနိုင်ငံကပဋိပက္ခတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် (Hasan Mahmud) က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

နှစ်နိုင်ငံတည်ငြိမ်ရေးနဲ့ ဒေသတွင်းလုံခြုံရေးကိုအာမခံနိုင်ဖို့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေပြီး လာမယ့်လတွေအတွင်း နှစ်နိုင်ငံကြား ချိတ်ဆက်မှုစီမံကိန်းအသစ်တွေ စတင်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေကလည်း တနေ့တခြား ပိုဆိုးလာနေတယ်လို့ အိန္ဒိယနိုင်ငံကိုရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ်လ် (Ajit Doval) နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံထဲက ဆိုးရွားလာနေတဲ့ လုံခြုံရေးအခြေအနေကို အဓိကဆွေးနွေးခဲ့တယ်လို့ မစ္စတာ မာမွတ်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ ပြင်းထန်နေတာက မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာလို့ ဆိုပါတယ်။ “စစ်တကောင်းနဲ့ ရခိုင်နယ်စပ်တလျှောက်ကဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်သားတွေကိုလည်း မြန်မာဘက်ကို ပြန်ပို့ဖို့ စီစဥ်နေတယ်” လို့လည်း Press Club of India (အိန္ဒိယ သတင်းထောက် ကလပ်) မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ “မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်သံအမတ်နဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့တွေ့ဆုံခဲ့ရာမှာ စစ်ကောင်စီဘက်က ပြန်ခေါ်ဖို့ သဘောတူခဲ့ပြီး လေကြောင်း သို့မဟုတ် ရေကြောင်းကနေ ပြန်ခေါ်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်” လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဇန်နဝါရီ ၁၁ ရက်က စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယကိုရောက်နေတဲ့ ဟာဆန် မာမွတ်ဟာ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Subrahmanyam Jaishanka နဲ့လည်း ခရီးစဥ်အတွင်းတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံရေး၊ ကာကွယ်ရေးနဲ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး လျှပ်စစ်၊ စွမ်းအင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယပြင်ပရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG