သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ မြန်မာစစ်သားတွေ မကြာမီ ပြန်ပို့မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာစစ်သားတွေကို ရေကြောင်းလမ်းကနေ ပြန်ခေါ်ဖို့ မြန်မာစစ်ကောင်စီဘက်က အဆိုပြုထားပေမဲ့ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေဆဲမို့ အဲဒီလို ခေါ်ယူတာက လုံခြုံရေးအရ စိတ်မချရတဲ့အတွက် လေကြောင်းကနေဘဲ ခေါ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ Miah Md Mainul Kabir ပြောတာကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးပါတယ်။

ဒီကိစ္စကို ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးလည်း နေပြည်တော်ကို ရောက်နေတာကြောင့် ဒီကိစ္စ ပြေလည်စေမယ့် ဆုံးဖြတ်ချက် အမြန်ဆုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အကြီးတန်းအရာရှိ Miah Md Mainul Kabir က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေသွားတာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေ ၂၆၀ ကျော် ရှိပြီးနယ်ခြား ပဋိပက္ခကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထားပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်အောင် ကိုင်တွယ် ဖြေရှင်းသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက VOA ကို ပြောထားပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ကနေ တနင်္ဂနွေနေ့ကတည်းက လက်နက်တွေ ကိုင်ဆောင်ထားတဲ့ မြန်မာစစ်တပ် ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုလှုံခဲ့တာ ဖြစ်ပြီး အခုတော့ နယ်စပ်အခြေအနေဟာ ထိမ်းသိမ်းနိုင်တဲ့ အနေအထားကို ရောက်သွားပါပြီလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွန်ကြားရေးမှုးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ပြောဆိုတာပါ။

မြန်မာဘက်က လက်နက်ကြီး မော်တာကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အရပ်သား နှစ်ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ မြန်မာဘက်က ဝင်လာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လက်ခံဖို့ စစ်ကောင်စီဘက်က သဘောတူထားတဲ့ အကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud က မနေ့က ပြောဆိုပါတယ်။

မြန်မာတပ်ဖွဲ့တွေ ဝင်ရောက်ခိုလှုံတဲ့ တချိန်တည်းလောက်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၆၅ ယောက်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လှေနဲ့ ဝင်ဖို့ ကြိုးစားခဲ့တာကြောင့် ပြန်ပို့ခဲ့တဲအကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုတော့ ထပ်ပြီး လက်ခံတော့မှာ မဟုတ်ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG