သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားယူထားတဲ့ စစ်သားတွေ စစ်မှုပြန်ထမ်းရမယ့်ဥပဒေ စစ်ကောင်စီ အသက်သွင်း


၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)
၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ နုတ်ထွက်ခွင့်၊ ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရှိတဲ့ စစ်သားတွေ လိုအပ်ရင် အရန်တပ်ဖွဲ့မှာ ၅ နှစ် စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ ၂၀၁၀ ခုနှစ်က ပြဌာန်းထားတဲ့ အမိန့် မနေ့ကစ အတည်ဖြစ်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။ ၂၀၁၀ ခုနှစ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေကို စတင် အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။

"အဓိကကတော့ စစ်မှုထမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ သက်ဆိုင်ပါတယ်။ အဓိကအနှစ်ချုပ်ကတော့ တပ်မတော်ကနေပြီးတော့ နှုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့်ရထားတဲ့နေ့ကနေစပြီး ၅ နှစ်အထိထဲမှာ အကျုံးဝင်တဲ့ သူတွေဟာ အရန်အဖြစ်၊ အရန်တပ်ဖွဲ့မှာစစ်မှုထမ်းဆောင်ရန်တာဝန်ရှိပါတယ်။" - ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စစ်ကောင်စီပြောခွင့်ရ ပြောသွားတာပါ။

အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က အငြိမ်းစားယူထားသူတွေအတွက် အရန်တပ်ဖွဲ့ဥပဒေ အတည်ဖြစ်တဲ့အကြောင်း ကြေညာတာပါ။ ဥပဒေကို လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုပြီးတော့လည်း ပြဌာန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးများပြီး စစ်စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေချိန် အမိန့်တွေ ထုတ်ပြန်တာပါ။ လေ့လာသူတွေနဲ့ ဒေသတွင်း သံတမန်တွေကတော့ တိုက်ခိုက်ရေးဘက်က မဟုတ်တဲ့ အရပ်သားတွေကို စစ်မြေပြင်တွေမှာ ပို့ဖို့ ကြိုးစားတာဟာ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့အင်အားနဲ့ စစ်သားစုဆောင်းမှု စွမ်းရည် ကျဆင်းလာတာကို ပြနေတယ်ဆိုပြီး သုံးသပ်ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG