သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုမထမ်းမနေရဥပဒေဟာ စစ်ကောင်စီ အင်အားချိနဲ့လာတာကို ပြသနေ (Tom Andrews)


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ အရပ်သားတွေကို အတင်းအကျပ် စစ်တပ်ထဲ ပါဝင်ခိုင်းတာ၊ ကျေးရွာတွေကို တိုက်ခိုက် မီးရှို့နေတာတွေဟာ မြန်မာစစ်ကောင်စီအနေနဲ့က အင်အားချိနဲ့လာတာကို ပြသပြီး တချိန်တည်းမှာ လူထုရဲ့ မကျေနပ်ချက် ဒေါသ ပိုမိုကြီးမားလာစေမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။

မြန်မာပြည်သူတွေကို ထောက်ခံပြီး စစ်ကောင်စီကို ပိုပြီး အင်အား ချိနဲ့အောင် အရေးယူပိတ်ဆို့ဖို့ လိုနေပြီဆိုတာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒဟာ တရားဝင်မှုမရှိတဲ့အတွက် ပြည်သူတွေ လိုက်နာဖို့မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရကလည်း မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီကတော့ ဒီဥပဒေနဲ့အကျုံးဝင်နေတဲ့ မြန်မာလူငယ် အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၃ သန်းနီးပါးရှိနေကြောင်းနဲ့ လူငယ် ပညာတတ်တွေကိုလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အလေးပေး စုဆောင်းသွားမယ့်အကြောင်း ကြေညာထားပါတယ်။

ဒီအတောအတွင်း မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေကို ထွက်ခွာတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရှိရာနေရာကို ရောက်လာတာတွေရှိတယ်လို့ နယ်စပ်သတင်းရပ်ကွက်က VOA ကို ပြောပါတယ်။

XS
SM
MD
LG