သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံအများအပြား ပြည်မဘက် တိမ်းရှောင်


စစ်တွေလေဆိပ်
စစ်တွေလေဆိပ်

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ ပြည်မဘက်ကို နေရပ်စွန့်ခွာသူတွေများလာနေပါတယ်။ ရခိုင်ပြည်နယ်ကနေ လေကြောင်းခရီးနဲ့ တနေ့ကို လူဦးရေ ၃ဝဝ နီးပါး ပြည်မဘက်ကို ထွက်ခွာနေကြတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာန အမျိုးသမီးတဦးကပြောပါတယ်။ ဘာကြောင့် ရခိုင်ဒေသခံတွေ ပြည်မဘက်ကို ထွက်လာရပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲ အကြီးအကျယ်ပြင်းထန်နေသလို မြို့သိမ်းတိုက်ပွဲတွေ များလာတာကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ အသက်ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတာပါ။ တချို့ဒေသခံတွေဟာလည်း နီးစပ်ရာကျေးရွာတွေနဲ့ ရခိုင်ပြည်နယ်တွင်းမှာပဲ မြို့နယ်တချို့ဆီကို အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို တောတောင်တွေမှာ တဲထိုးပြီးတော့ နေထိုင်ကြသူတွေလည်း ရှိနေပါတယ်။တချို့ ရခိုင်ဒေ သခံတွေကတော့ ရန်ကုန်လိုနေရာမျိုးကို ရွှေ့ပြောင်းသွားကြတာလည်းရှိပါတယ်။

ပြီးခဲ့တဲ့ လတွေကနေစပြီး ရခိုင်ပြည်နယ်ကနေ ပြည်မဘက်ကို ထွက်ခွာသူ တနေ့ကို ၃ဝဝ ဝန်းကျင်အထိရှိတယ်လို့ လေယာဉ်လက်မှတ် အရောင်းဌာနရဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“အခုကကျတော့ ADR ၃ စီးလောက်ကို ပုံမှန်ရှိနေတာ၊ ADR ဆိုရင် ၇၂ ခုံဆန့်တယ်။ ခရီးသည်ကတော့ ၆၅ ယောက်ပါတယ်ပေါ့၊ ၃ စီးဆိုရင် အဲမှာ ၁ဝဝ ကျော် ၂ဝဝ နီး ပါးလောက် ဖြစ်နေပြီ။ တခါတလေ ဂျက်လေယာဉ်ဆင်းတယ်ဆိုရင် ခုံ ၁ဝဝ ဆန့်တယ်။ ဆိုတော့ တနေ့ကို လူ ၂ဝဝ ကျော် ၃ဝဝလောက်က ပုံမှန်သွားဖြစ်နေတာ၊ လက်မှတ်တွေက ၄ လပိုင်းအထိ ပြည့်နေပြီ။ ဒီလထဲမှာ အရေးကြီးတဲ့သူတွေ ရှိတယ်ဆိုလို့ရှိရင် Shutter Flight စီးလုံးငှားလေးတွေ ငှားတာတောင်မှ ၂ ရက်လောက်ဆိုရင် လူက ပြည့်နေပြီ။ အဲလိုမျိုးဖြစ်နေတယ်။”

ဒါ့အပြင် ပြည်မဘက်ကိုထွက်ခွာမယ့် လေယာဉ်လက်မှတ်တွေဟာလည်း စျေးနှုန်းမြင့်နေတာတောင်မှ ဧပြီလအထိ လက်မှတ်တွေကုန်နေပြီလို့ အဲဒီအမျိုးသမီးက ဆက် ပြောပါတယ်။

“အခုကကျတော့လေ လေကြောင်းလိုင်းမှာ သတ်မှတ်ထားတဲ့ စျေးနှုန်းတွေက KBZ ဆိုရင် ၃၈ဝ,ဝဝဝ ကနေစတယ် VIP ခုံဆိုလို့ရှိရင် ၄၄ဝ,ဝဝဝ ရှိတယ်။ Myanmar National Airline ကကျတော့ ၅၈၅,ဝဝဝ ရှိပါတယ်။ ပြီးတော့ မန်းရတနာပုံကကျတော့ ၃၅၂,၀၀၀၊ ၃၈၂,ဝဝဝ အဲလိုမျိုးပေါ့နော်၊ အခုလောလောဆယ်ကတော့ MNA က ဧပြီ ၂၄ ရက်နေ့ စရပါမယ်၊ KBZ ကတော့ ဧပြီတလလုံးအတွက် ခုံတွေ အကုန်ပြည့်နေပါပြီ။ မန်းရတနာပုံကလည်း ၅ လပိုင်းမှ စပြီးတော့ ရပါမယ်ရှင့်။”

လေယာဉ်စျေးနှုန်းတွေ မြင့်မားနေတာဟာ ရခိုင်ပြည်နယ်ကနေထွက်ခွာသူတွေ များပြားပြီး ရခိုင်ပြည်နယ်ကို ပြန်မယ့်ခရီးသည်တွေ မရှိတာကြောင့် စျေးနှုန်းတွေတိုးမြှင့် သတ်မှတ်ထားရတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်မှာ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအားလုံးကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ ပြည်မနဲ့ ရခိုင်ကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတခုသာ ခွင့်ပြုထားပြီး သံတွဲ၊ ကျောက်ဖြူ အမ်းနဲ့ စစ်တွေစတဲ့ မြို့နယ်တွေလောက်ကသာ လေကြောင်း နဲ့ပြည်မထွက်ခွာခွင့်ရနေကြတာပါ။ စစ်တွေ-ရန်ကုန်ကတော့ နေ့စဉ်ပုံမှန် ပြေးဆွဲနေပြီး တခြား ကျောက်ဖြူ၊ သံတွဲနဲ့အမ်းမြို့နယ်တွေကိုတော့ ပုံမှန်ပြေးဆွဲတာမရှိပါဘူး။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့ကို ထွက်လာတဲ့လူငယ် တဦးကတော့ သူထွက်လာရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကုန်းလမ်းရော ရေလမ်းရော အကုန်လုံးပိတ်လိုက်တယ်။ နောက်ပြီးတော့ ဆက်သွယ်ရေးကအစ ဖြတ်လိုက်တဲ့အခါကျတော့ စစ်ဆိုတာကလည်း ဘယ်အထိဖြစ်နေမလဲမသိ။ ကိုယ်လည်း မမှန်းတတ်ဘူး၊ အဲဘက်မှာ ပိတ်မိသွားမှာ ကြောက်တယ်။ ပိတ်မိသွားတဲ့အခါကျရင် ကိုယ်လုပ်စရာရှိတဲ့ အခွင့် အလမ်းတွေ အကုန်လုံးက လုပ်လို့မရဘဲနဲ့ အသက်ကြီးသွားမယ်။ အဲလိုဖြစ်မှာ ကြောက်လို့၊ ပိတ်မိမှာကြောက်လို့ လာခဲ့တာပေါ့နော်-ဟုတ်။”

စစ်ကောင်စီအနေနဲ့ အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ ဒေသခံတွေရဲ့ ခရီးသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဒေသခံတွေ နေ့စဉ်စားဝတ်နေရေးတွေ အတော်ခက်ခဲနေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“စစ်ဖြစ်နေတဲ့အချိန်မှာ လမ်းတွေပိတ်ပြီးတော့ စားသောက်ကုန်တွေ ရှားပါးတယ်၊ စျေးတွေ မတန်တဆကြီးတယ်၊ အခြေခံလူတန်းစားတွေဆိုလို့ရှိရင် တနေ့စားဖို့ တနေ့ ရုန်းနေရတဲ့လူတွေ တော်တော်ဒုက္ခရောက်နေကြတာတွေလည်းရှိတော့ ညီမအနေနဲ့ မြင်တာကျတော့ ဒါက စစ်အစိုးရက ညီမတို့ ဒီ ရခိုင်ပြည်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ နှိပ်စက်နေတာ၊ ညှည်းပန်းနေတာလို့ ညီမမြင်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ပြည်မဘက်ကို နေရပ်စွန့်ခွာလာတဲ့ ဒေသခံတွေအနေနဲ့ လတ်တလော ပြည်မဘက်တွေမှာ ရခိုင်မုန်းတီးရေး ဝါဒဖြန့်နေတာတွေကြောင့် စိုးရိမ်နေကြရတယ်လို့လည်း ရွှေ့ပြောင်းလာသူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ဒီကနေ့ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်းရှိနေသလို မြို့တွင်းမှာ မီးလောင်တာတွေလည်း ရှိနေတာပါ။ ရက္ခိုင့်တပ်တော် AA ဘက်ကတော့ ရခိုင်ပြည်နယ်မှာ လက်နက်မချဘဲကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ထုတ်သွားမယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

XS
SM
MD
LG