သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-မန္တလေးမြို့ကြီးတွေမှာ  လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှုတွေ ရှိနေ 


ရခိုင်မုန်းတီးရေးလှုံ့ဆော်စာတခု (Crd: courtesy photo)
ရခိုင်မုန်းတီးရေးလှုံ့ဆော်စာတခု (Crd: courtesy photo)

ရန်ကုန်နဲ့မန္တလေးလိုမြို့ကြီးတွေက အများပြည်သူပိုင်နေရာတွေမှာ ရခိုင်မုန်းတီးရေး လူမျိုးရေးပဋိပက္ခ လှုံ့ဆော်စာတွေ တွေ့လာရပါတယ်။ အခုလို ပြည်သူအချင်းချင်းကြား ပဋိပက္ခဖြစ်အောင်ဖန်တီးနေတဲ့အပေါ် ဘယ်လိုသဘောထား အမြင်တွေရှိနေပါသလဲ။ ရန်ကုန်က ပေးပို့ထားတဲ့သတင်း နန်းလောဝ်က တင်ပြပေးထားပါတယ်။

မန္တလေးမြို့ပေါ်မှာ ရခိုင်မုန်းတီးရေး လှုံ့ဆော်စာတွေကို အများပြည်သူပိုင် နေရာတွေမှာ ကပ်ထားတဲ့ပုံတွေ အခုရက်ပိုင်းထဲ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံနှံ့နေပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တချို့မှာလည်း လူမျိုးရေးပဋိပက္ခ လှုံ့ဆော်စာတွေ ကပ်လာတာ တွေ့ရပါတယ်။ ပြည်သူတွေကြားမှာ သွေးခွဲဖို့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုတွေက အရင်ကတည်းက ရှိခဲ့ပြီ၊ အခု နွေဦးတော်လှန်ရေးကာလမှာလည်း ဒါတွေဆက်ရှိနေတယ်လို့ SYNERGY (လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့) အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။

"အခုလည်း ရခိုင်ကို အဲလိုပုံစံမျိုး လုပ်တာပါပဲ။ လူတွေက ရခိုင်ကိုမုန်းအောင် သတင်းမှားတွေ ထပ်လွှင့်တယ်။ အချင်းချင်းကို ရန်တိုက်ဖို့လုပ်တဲ့ ဟာမျိုးတွေ လူတွေကြားထဲမှာ အဲလို ဝါဒဖြန့် မှိုင်းတိုက်တဲ့ဟာမျိုးတွေ လုပ်တယ်။ ဒီစစ်ပွဲမှာ စစ်တိုက်လို့ မနိုင်တော့ဘူးဆိုရင် ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ပြတယ်။ ဒါတိုင်းရင်းသား ဒေသတွေမှာလည်း အများကြီး ဖြစ်ပြီးသွားပြီ။ တိုင်းရင်းသား ဒေသတွေမှာ စစ်ရှုံးပြီဆိုတာနဲ့ ရွာတွေဝင်ပြီး မီးရှို့ဖျက်စီးတယ် ဆိုတဲ့ဟာမျိုးပဲ။ လူတွေကြားထဲမှာ ဒီလိုအမုန်းမျိုးတွေ ဖြစ်လာဖို့ကို သူတို့က စနစ်တကျကို သွေးထိုးဖို့အတွက် လုပ်နေတဲ့ဟာတွေ။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးကာလမှာတော့ ကျနော်တို့ သတိထားမိသလောက် ဘာသာရေး၊ လူမျိုးရေးသွေးထိုးမှုတွေက တော်တော်ကို အလုပ်မဖြစ်တဲ့နေရာမှာ မြင်ရတယ်။ ပြည်သူတွေကြားထဲမှာလည်း ဒါတွေက ဗမာစစ်တပ်၊ ဖက်ဆစ် စစ်တပ်ကနေပြီးတော့ ယုတ်မာတာ၊ လူတွေကြားထဲမှာ မှိုင်းတိုက်တာ ဆိုတာကိုလည်း ရှင်းရှင်းမြင်ပြီးသား။ ပြီးတော့ ဖက်ဆစ်တွေ စစ်ရှုံးနေတဲ့ အပေါ်မှာလည်း လူတွေက ဝမ်းသာနေကြပြီးသား။ အဲတော့ သူတို့ဘယ်လိုပဲ ဒီအမုန်းတရားတွေလုပ်လုပ် ပြည်သူအများစုကတော့ ပါဖို့မရှိဘူး။"

အများပြည်သူကြား ပျံ့နှံ့နေတဲ့စာတွေမှာ မြို့နေလူထုကို ကိုယ်စားပြု ဖော်ပြထားပေမယ့် ဒေသခံတွေကိုယ်တိုင်က ဒီလိုစာတွေကို ဘယ်သူဘယ်ဝါ လိုက်လံကပ်ထားတယ်ဆိုတာ မသိကြပါဘူး။ အခုလို ရခိုင်မုန်းတီးရေး လှုံ့ဆော်စာတွေကို ကပ်ထားတယ်ဆိုပေမယ့် ပြည်သူအချင်းချင်းကြားမှာတော့ ဆက်ဆံရေးပုံမှန် ဖြတ်သန်းနေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ ရခိုင်အမျိုးသားတဦးက ပြောပါတယ်။

"ဒါကတော့ သိတဲ့အတိုင်းပဲ၊ မြန်မာနိုင်ငံမှာက ခေတ်အဆက်ဆက်ကလည်း လူတွေကို အချင်းချင်းသွေးခွဲပြီးတော့ အုပ်ချုပ်တာကရှိတယ်ဆိုတော့ အဓိကတော့ စစ်တပ်ကပဲ သူတို့ဟာသူတို့ ပုံဖော်တဲ့ဟာမျိုးပေါ့လေ။ ပြည်သူအချင်းချင်းကြားမှာတော့ ဖေးဖေးမမပါပဲ အခုချိန်ထိတော့။ ကျနော်တို့လည်း ရပ်ကွက်ထဲမှာနေတာ အေးအေးဆေးဆေးပါပဲ။ ဗမာပြည်သူရော၊ ရခိုင်ပြည်သူရောက အခုချိန်မှာ ဖိနှိပ်ခံနေရတဲ့ကာလပေါ့လေ။ ဒီလို ဆင်းရဲကြပ်တည်းနေတဲ့ကာလမှာတော့ အချင်းချင်း ရန်ဆူဖို့ကိစ္စကိုထားပါဦး၊ နေ့စဉ်စားသောက်ရေးကိစ္စကို ပြေလည်အောင် အများကြီးကြိုးစားနေရတဲ့ ကာလပေါ့။ ဆိုတော့ ဒီလိုလူတွေကြားမှာအမုန်းတရားတွေကို ထည့်ပေးပြီးတော့ ရန်တိုက်ပေးတဲ့ သဘောပေါ့။ ပြောရမယ်ဆို အခုကာလမှာ ရခိုင်လူမျိုးတွေက ရန်ကုန်မြို့မှာ တော်တော်များလာတယ်။ အထူးသဖြင့် ရခိုင်စစ်ပွဲကာလမှာ စစ်ရှောင်လာကြသူတွေ ရှိတယ်ဆိုတော့ အဲဒါကြောင့်လည်း ဖြစ်ပါလိမ့်မယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တချို့ဒေသခံတွေ ရန်ကုန်မြို့ကို အခုရက်ပိုင်းထဲ ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာနေတာပါ။ လူမျိုးရေးမုန်းတီးမှု ဝါဒဖြန့်နေတဲ့အပေါ် ပြည်သူတွေ သတိရှိကြဖို့ကိုလည်း ကိုသက်ဆွေဝင်းက တိုက်တွန်းထားပါတယ်။

"အများစုသော ပြည်သူကိုတော့ စိတ်မပူဘူး။ သို့သော် လူနည်းစုဖြစ်ကြတဲ့ အစွန်းရောက်တွေ၊ စစ်တပ်လက်ကိုင်တုတ်တွေက နေပြီးတော့ ပြည်သူတွေ ကြားထဲမှာလုပ်မယ့် ပြဿနာတွေကိုတော့ သတိကြီးကြီးထားပြီးတော့ ကိုင်တွယ်နိုင်ဖို့ လိုလိမ့်မယ်။ ပြည်သူတွေ အနေနဲ့လည်း ဒီလိုဟာမျိုးတွေမှာ မယုံကြဘဲနဲ့ သတိကြီးကြီးနဲ့ သွားရဖို့ လိုလိမ့်မယ်။ ပြီးတော့ ကျနော်တို့ မျှော်မှန်းထားတဲ့ အနာဂတ်ပြည်ထောင်စုဆိုတာ လူမျိုးတွေအားလုံး တန်းတူညီတူ သွားရမယ်။ ဘာသာတရားတွေအားလုံး တခုနဲ့တခု ခွဲခြားဆက်ဆံမှုမရှိဘဲ စည်းစည်းလုံးလုံး ရှိရမယ်။ လူမျိုးတွေ ကြားထဲမှာလည်း ခွဲခြားဆက်ဆံမှုတွေ ကင်းရမယ်။ တန်းတူညီတူ ကိုယ်တိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်နိုင်ငံကို တည်ထောင်ဖို့အတွက် ဒါတွေကိုလည်း ပြည်သူတွေကြားထဲမှာ နားလည်လက်ခံမှု ရှိရမယ်။"

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ AA ရခိုင်တပ်တော်က ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ စစ်ကောင်စီသင်္ဘော နစ်မြုပ်သွားပြီး အဲဒီထဲမှာ ကလေးငယ်တွေအပါအဝင် စစ်တပ်မိသားစုဝင်တွေ ရာနဲ့ချီပါဝင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အဲဒီနောက်ဆက်တွဲ ရန်ကုန်နဲ့ မန္တလေးမြို့မှာ ရခိုင်မုန်းတီးရေး လူမျိုးရေးပဋိပက္ခလှုံ့ဆော်စာတွေကို လိုက်လံကပ်ထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြိုလက်ဝဲနဲ့ ပေါက်တောမြို့ကို AA သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး တချို့နေရာတွေမှာလည်း တိုက်ပွဲအခြေအနေကြောင့် နယ်မြေမတည်ငြိမ်လို့ ဒေသခံတွေထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG