သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေး ဘာသာရေးပဋိပက္ခ တားဆီးဖို့ အတိုင်ပင်ခံတိုက်တွန်း


 နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သတင်းဓါတ်ပုံ-Myanmar State Counsellor Office)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (သတင်းဓါတ်ပုံ-Myanmar State Counsellor Office)

မြန်မာနိုင်ငံအတွင်း လူမျိုး ဘာသာမတူသူတွေ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုထားရှိပြီး ပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးကြဖို့နဲ့ တိုင်းပြည်တိုးတက်ရေး အတူတကွ လက်တွဲ ကြိုးပမ်းသွားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့ရဲ့ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်း အဖွင့်မှာ အဲဒီလို တိုက်တွန်းလိုက်တာပါ။ ၂ ရက်ကြာ ကျင်းပတဲ့ ဒီဆွေးနွေးဝိုင်းမှာတော့ အဓိက ခေါင်းစဉ် ၅ ခုကို ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေးချက်တွေကို အစီရင်ခံစာတစ်စောင် ပြုစုဖြန့်ဝေသွားမယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့ရဲ့ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းကို မေ ၇ ရက်ကနေ ၈ ရက်အထိ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ၂ ရက်တာ ကျင်းပတာဖြစ်ပါတယ်။

မေလ ၇ ရက်နေ့ ဆွေးနွေးဝိုင်းဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားရာမှာ အခုလို တိုက်တွန်းထားပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံတို့ရဲ့ မတူကွဲပြားတဲ့ ဘာသာ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုများထားရှိပြီး တည်ငြိမ်အေးချမ်းတဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့၊ ပဋိပက္ခကြောင့် ဒုက္ခ ရောက်သူတွေကို အပြည့်အဝ ကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးနိုင်ဖို့၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ မိမိတို့ယုံကြည် ကိုးကွယ်ရာဘာသာတရားရဲ့ သွန်သင် ဆုံးမချက်တွေနဲ့အညီ အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ကို တိုက်တွန်းလိုပါတယ်။”

မြန်မာနိုင်ငံ ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက ကာဒီနယ်လ် ချားလ်စ်ဘို၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့လည်း အဖွင့်အမှာစကား ပြောကြားခဲ့ကြပါတယ်။

ဒီကနေ့ မေလ ၈ ရက်နေ့ အစည်းအဝေးပြီးဆုံးချိန်မှာတော့ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ယခင်နှစ် ပထမအကြိမ် ဆွေးနွေးဝိုင်းကအတိုင်း ခေါင်းစဉ် ၅ခုကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ဆွေးနွေးဝိုင်းကတော့ ကျနော်တို့ Topics ၅ ခုနဲ့ discussion လုပ်ပါတယ်။ မနေ့က ညနေ၊ နောက် ဒီနေ့ မနက်တော့ topics ၅ ခုရဲ့ result တွေကို ပြန်စုပေါင်းပြီးတော့ ဆွေးနွေးပြီးတော့ Co-chair report ကျနော် ထင်တယ်။ တစ်ပတ်လောက်အတွင်း ထွက်ပါလိမ့်မယ် Report ကတော့။ ခေါင်းစဉ် ၅ခုကတော့ အရင် first forum တုန်းက ခေါင်းစဉ် ၅ခုပဲ ကျနော်တို့ ဆက်လက် ဆွေးနွေးတာပါ။ ပညာရေးရယ်၊ နောက် လူငယ်ရေးရာရယ်၊ နောက်ပြီးတော့ အမျိုးသမီးရေးရာရယ်။ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ တာဝန်များရယ်။ နောက် ရခိုင် issue ပေါ့။ ရခိုင်ရဲ့ diversity တို့ အဲဒီ ၅ခုကို ကျနော်တို့ အုပ်စုခွဲပြီး ဆွေးနွေးတာပေါ့။”

ပထမအကြိမ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ၂၀၁၈ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၂ ရက်အထိ နေပြည်တော်မှာ ကျင်းပခဲ့တုန်းက ပညာရေးကဏ္ဍ၊ လူငယ်များနဲ့ ထိတွေ့ဆက်ဆံရေးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေးနဲ့ တန်းတူပါဝင်ခွင့်ဆိုင်ရာ ကဏ္ဍ၊ တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ လူနည်းစုအဖွဲ့အစည်းများအတွက် တန်းတူအခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုကဏ္ဍ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ကိုယ်ပိုင်လက္ခဏာ အထောက်အထား၊ မတူကွဲပြားမှုများနဲ့ သမားရိုးကျ စိန်ခေါ်မှုများကဏ္ဍ စတာတွေဖြစ်ပါတယ်။

ဒီခေါင်းစဉ်တွေကို အစီရင်ခံစာပြုစုပြီး Religions for Peace ငြိမ်းချမ်းမေတ္တာ အဖွဲ့ဝင် နိုင်ငံပေါင်း ၉၀၊ ကုလသမဂ္ဂ၊ မြန်မာနိုင်ငံရှိ သံတမန်တွေနဲ့ အစိုးရဌာနတွေကို ဖြန့်ဝေသလို ဒီအစီရင်စာပါ အကြံပြုချက်ပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီတွေဖွဲ့ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီလို ဆောင်ရွက်ရတဲ့အကြောင်းကိုလည်း ဦးမြင့်ဆွေက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ ဆွေးနွေးတာ။မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့ ဧရိယာတွေမှာ အမျိုးသားပြန်လည်သင့်မြတ်မှု မရှိမှု၊ ငြိမ်းချမ်းရေးမရမှုကြောင့် ပေါ်ပေါက်နေတဲ့ အခက်အခဲတွေ ဖော်ထုတ်တာပေါ့နော်။ ဒါတွေ ဒီပြဿနာတွေ မဖြေရှင်းနိုင်ဘဲနဲ့တော့ ငြိမ်းချမ်းရေးအကြောင်း ပြောလို့ မရဘူးပေါ့နော်။ ငြိမ်းချမ်းရေးကိစ္စတွေကို ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဟိုလိုလုပ်ပါ ဒီလို လုပ်ပါဆိုတာထက် ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာတွေ အဲလိုနည်းလမ်းတွေ သွားတာပေါ့။”

လက်ရှိကျင်းပပြီးစီးတဲ့ ဆွေးနွေးဝိုင်းမျိုးကို ၂၀၂၀ မတ်လအထိ ဆောင်ရွက်ဖို့ ရှိနေပြီး နောက်တစ်ကြိမ်ကို နိုဝင်ဘာလလည်မှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးဝိုင်းတွေ ဆောင်ရွက်နေစဉ်မှာလည်း အကြံပြုချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဒေသအလိုက် အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း ဦးဆောင်ကြိုးပမ်းသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG