သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြား ဘာသာလူမျိုးပေါင်းစုံ ချစ်ကြည်စွာ နေထိုင်ရေး


အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟာဂျီဦးအေးလွင် နဲ့ ဆရာတော်ဦးဇောတိက
အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟာဂျီဦးအေးလွင် နဲ့ ဆရာတော်ဦးဇောတိက
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ သြဂုတ် ၁၈၊ ၂၀၁၃ - မတူကွဲပြားတဲ့ ဘာသာလူမျိုးပေါင်းစုံ ဘယ်လိုချစ်ကြည်ညီညွှတ်စွာ နေထိုင်ကြမလဲဆိုတာကို ဆရာတော် ဦးဇောတိက၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ဟာဂျီဦးအေးလွင်တို့နဲ့ ဦးကျော်ဇံသာ က တွေ့ဆုံဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတော်အရှင်ဘုရား ဦးဇောတိက နဲ့ ဟာဂျီဦးအေးလွင်တို့ကို ဗွီအိုအေ က ကြိုဆိုပါတယ်။ အခု ဒီကိုလာကြတာ ဘယ်အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီး လာကြတာလဲ အရှင်ဘုရား။

ဦးဇောတိက ။ ။ ဘုန်းဘုန်းကတော ဘယ်အဖွဲ့အစည်း ကိုယ်စားရယ်လို့ မဟုတ်ပါဘူး။ ဘုန်းကြီးကတော့ သံဃာလောက ဗုဒ္ဓဘာသာတနိုင်ငံလုံးအနေနဲ့ ဘုန်းကြီးတွေကိုယ်စားသဘောပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ထဲမှာပါတယ်ပေါ့။

ဦးဇောတိက ။ ။ ဘုန်းဘုန်းက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ထဲမှာ ပါတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ ဘုန်းကြီးက အခုလောလောဆယ်မှာ ပါဝင်တာကတော့ ပဋိပက္ခ ဖန်တီးမှု၊ ကြိုတင်ကာကွယ်ရေးကော်မတီထဲမှာ ဘုန်းကြီးနာယကအဖြစ်နဲ့ ပါဝင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးလွင် ကရောခင်များ။

ဦးအေးလွင် ။ ။ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး၊ နောက်ပြီးတော့ Religious for Peace ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဆိုတဲ့ co-founder ထူထောင်သူတွေကြားထဲမှာ ကျနော်လည်းပါပါတယ်။ အဲဒီနှစ်ဖွဲ့ကို ကိုယ်စားပြုပြီး လာပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလာတဲ့ ရည်ရွယ်ချက်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လာရောက်ပြီးတော့...

ဦးအေးလွင် ။ ။ ကျနော်တို့ကို ပေးလိုက်တဲ့ topic လေး ရှိပါတယ်။ ကျနော်တို့လာတာ အမေရိကန်အစိုးရရဲ့ ဧည်သည်တော်များ ဖလှယ်တယ်လို့ ပြောမလားမသိဘူး။ International visitors, International leaders program ဆိုပြီးတော့ အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတွေနဲ့ လာတာပါ။ လေ့လာဖို့အတွက် ကျနော်တို့ကို ပေးထားတဲ့ topic ကတော့ Tolerance and Diversity သည်းခံမှု နဲ့ အပြန်အလှန် နားလည်းမှု အဲဒါသည် မတူကွဲပြားတဲ့ လူ့အစုအဝေးတွေထဲမှာ Tolerance and Diversity in Multi-ethnic Society - လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတနိုင်ငံမှာရှိတဲ့ မတူကွဲပြားမှုများကို ဘယ်လိုနားလည်းမှုတွေပေးပြီးတော့ တည်ဆောက်နေတယ်ဆိုတာကို လေ့လာဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ကို လွှတ်လိုက်တာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်မှာလည်း ဒီလို ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဆရာတော်ဘုရား၊ ဦးအေးလွင်တို့ ဒီအထဲမှာ ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ မြန်မာနိုင်ငံရဲ့ အဲဒီလုပ်ငန်းဟာ ဘယ်လောက်အထိ ခရီးပေါက်လာပြီလဲခင်များ။ အရှင်ဘုရား အမြင်နဲ့ ပြောရရင်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းဟာ။

ဦးဇောတိက ။ ။ ခရီးပေါက်ပါတယ်။ အခု အရင်ကနဲ့စာရင် အခု တင်းမာမှုတွေ လျော့ပါးသွားတယ်။ တင်းမာမှုတွေလည်း လျော့လာတယ်ပေါ့။ နောက်ပြီးတော့ တယောက်နဲ့တယောက် ယုံကြည်မှုလေးတွေလည်း နည်းနည်းပါးပါး တည်ဆောက်လာနိုင်တယ်။ ဘုန်းကြီးအနေနဲ့ ခရီးရောက်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးလွင် က ဘယ်လိုမြင်ပါသလဲခင်များ။

ဦးအေးလွင် ။ ။ ကျနော် မြင်တာကတော့ မြန်မာနိုင်ငံက နဂိုကတည်းက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေခဲ့တဲ့နိုင်ငံ။ ကျနော်တို့မှာ သဟဇာတ ဖြစ်မှုဟာ သမိုင်းနဲ့အတူ ရှိခဲ့ပါတယ်။ သမိုင်းတကွေ့မှာ ဒီလို ပြဿနာဖန်တီးချင်တဲ့ လူတွေက ဘာသာရေးကို ခုတုံလုပ်ပြီးတော့ အသုံးချခဲ့တဲ့အခါမှာ အခုနပြောသလို မသိနားမလည်းတဲ့ အောက်ခြေလူတန်းစားများက တခါတရံ နားယောင်သွားတတ်ပါတယ်။ အဲဒီ နားယောင်မှုအပေါ်မှာ အမြတ်ထုတ်ပြီးတော့ ပြဿနာဖန်တီးနေတဲ့အတွက် ဖြစ်နေတဲ့ ပြဿနာကိုတောင်မှ ကျနော်တို့အနေနဲ့ ဘာသာရေးပြဿနာလို့ မမြင်ချင်ပါဘူး။ နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့လူတွေရဲ့ ဖန်တီးမှု။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီလူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ထင်သလောက် နက်နက်ရှိုင်ရှိုင် ကွဲလွှဲမှု မရှိဘူးလို့ ယူဆတဲ့သဘောပေါ့။

ဦးအေးလွင် ။ ။ မရှိဘူးလို့ ပြောလို့ရတယ်။ သို့သော်လဲပဲ တချို့သော ultranationlist အမျိုးသားရေးစိတ် အင်မတန်ပြင်းထန်တဲ့ အုပ်စုတစုရှိတယ်။ သူတို့ကလည်း ကိုယ့်အမျိုးသားကိုယ် နိူးကြားရေးအတွက် လုပ်နေတာ။ ရိုးရိုးသားသား လုပ်နေတာပါ။ အဲဒီ ပုဂ္ဂိုလ်တွေကိုလည်း အသုံးချသွားတယ်။ ဘာသာရေးသမားတွေကို အသုံးချသလို။ နောက်တခါ ကိုယ့်ဘာသာနဲ့ ပတ်သက်၍ အင်မတန်ကို ချစ်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကလည်း ဘာသာအယူအဆများနဲ့ ပတ်သက်ပြီးတော့ ဥပမာ ယုံကြည်မှုများဟာဖြင့် တခြားဘာသာမျိုးပေါ်မှာ တမျိုးအမြင်တွေရှိကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကိုလည်း အသုံးချကြတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ မျိုးချစ်စိတ် အမျိုးသားရေးစိတ်ဓါတ်ထဲမှာ ဘာသာရေးဟာ ဘယ်လောက်အရေးကြီးပါသလဲ။ တချို့ ဒီနိုင်ငံတွေမှာဆို အမျိုးသားရေးစိတ်ဓါတ်ဆိုတာ နိုင်ငံသားဖြစ်မှုကို အခြေခံတဲ့ civic nationalism ခေါ်မှာပေါ့။ ကျနော်တို့ မြန်မာလူမျိုးတွေမှာတော့ YMBA ခေတ်ကတည်းက အမျိုးဘာသာ၊ သာသနာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်ဖို့ ဗုဒ္ဓဘာသာဖြစ်ရမယ်။ မြန်မာလူမျိုးစစ်စစ် ဖြစ်ရမယ်ဆိုတဲ့ အစဉ်အလာ ရှိလာတဲ့ အမျိုးသားရေးစိတ်ဓါတ်။ အဲဒီ စိတ်ဓါတ်ထက် အခုနည်းနည်းပါးပါးများ တိုးတက်ပြီးတော့။ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံသားဖြစ်ရင် ဘယ်လူမျိုးဖြစ်ဖြစ် ဒီနိုင်ငံကို ချစ်မြတ်နိုးရမယ်။ သစ္စာရှိရမယ်ဆိုတဲ့ အမျိုးသားစိတ်ဓါတ် အဲဒီစိတ်ဓါတ်မျိုး ဖြစ်လာဖို့ ရှိပါသလား။

ဦးဇောတိက ။ ။ ဘုန်းဘုန်းအမြင်ကတော့ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ။ ဒါပေမဲ့လို့ သင်တန်းတွေလည်း အများကြီး ပေးရအုံးမယ်။ ဒီလို တကာကြီးပြောတဲ့ topic မျိုးကို ခေါင်းစီးတင်ပြီးတော့ ဆွေးနွေးပွဲတွေများများလည်း လုပ်ရအုံးမယ်။ အဲဒီလို ဖြစ်လာအောင်လို့လည်း ဘုန်းကြီးတို့ ကြိုးစားမယ်လို့ ဘုန်းကြီးစိတ်ထဲမှာ ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ ဆွေးနွေးပွဲတွေလုပ်ရင် လက်ခံပါ့မလား။ ခဲမိုးတွေ ရွာအုံးမလား။

ဦးဇောတိက ။ ။ လက်ခံနိုင်ပါတယ်။ ဘုန်းဘုန်းတို့ လက်ခံတဲ့နည်းတွေနဲ့ ဘုန်းကြီးတို့က ငြိမ်းချမ်းစေချင်တာ။ ဘုန်းကြီးတို့ရဲ့ အမြင်ကတော့ ဗုဒ္ဓတရား ဟောတာလည်းရှိတယ်။ လက်ရှိအားဖြင့် ဘုန်းကြီးတို့ကလည်း ဗုဒ္ဓတရားကို ယုံကြည်တယ်၊ လက်ခံကျင့်သုံးနေတယ်ဆိုတော့ ဘုန်းကြီးတို့ ခေါင်းထဲမှာ လူမျိုးဆိုတာ မရှိပါဘူး။ တရုတ်၊ ကုလား၊ ရှမ်း၊ ကချင်၊ ကယားဆိုတာ မရှိပါဘူး။ လူသားဟာ လူသားလိုပဲ မြင်ပါတယ်။ ဗုဒ္ဓကလည်း ဒီလိုပဲ ဟောပါတယ်။ ဒါကြောင့်မို့ အားလုံးရဲ့ ငြိမ်းချမ်းမှုရဲ့ အကြောင်းရင်း အဆုံးပန်းတိုင်းကတော့ မေတ္တာတရားပါပဲ။ အားလုံးက မေတ္တာတွေကို ထားကြမယ်ဆိုရင် ကိုယ်ပိုင်ငြိမ်းချမ်းရေးတွေ ရလာကြမယ်။ ကိုယ်ပိုင်ကိုယ်ပိုင် ငြိမ်းချမ်းရေးကိုယ်စီ ရသွားပြီဆိုရင် အားလုံးဟာ ပျံ့နံှ့ပြီးတော့ အခုန ဒကာကြီးပြောတဲံ တယောက်နဲ့တယောက် နားလည်းပြီးတော့ ငြိမ်းချမ်းမှု ရလာမယ်လို့ ဘုန်းကြီးက မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးလွင်ခင်များ ... အခု နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် တချို့ကလည်း Clash of Civilizations ဘာသာရေး၊ စစ်ရေးပြီးတဲ့နောက်မှာ ဘာသာရေး၊ မူစလင်ဘာသာနဲ့ ကျန်တဲ့ဘာသာတွေ ပဋိပက္ခဖြစ်တယ်။ မူစလင်တွေက ပိုပြီးတော့ assertive ပိုဖြစ်လာတယ်။ အခုအခါမှာ နိုင်ငံတကာမှာ တွေ့လာရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခုဖြစ်တဲ့ communal violence တွေက နိုင်ငံတကာရဲ့ ဂယက်ရိုက်ခတ်မှု တစုံတရာပါတယ်လို့များ မထင်ဘူးလားခင်များ။

ဦးအေးလွင် ။ ။ အတွေးအခေါ်တွေထဲမှာ ပါနိုင်ပါတယ်။ သို့သော်လဲ ကျနော် တွေ့ခဲ့သမျှ ပြည်တွင်းနဲ့ ပြည်ပမှာ ပညာတတ်လူတန်းစားတွေ၊ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဘာကိုခွဲမြင်တတ်သလဲဆိုရင် ဘာသာတိုင်းမှာ diversity ရှိတယ်။ ဘာသာတိုင်းမှာ ယုံကြည်မှုများသည် တပြေညီတည်း မဟုတ်ဘဲနဲ့ ဒီဘာသာတရားများကို အဓိပ္ပါယ်ဖွဲ့ဆိုတဲ့ ဖွဲ့ဆိုမှု မတူညီမှုများရှိကြတဲ့အတွက်ကြောင့် မည်သည်ဘာသာမှာမဆို အဲဒီလို အစွန်းထွက်တဲ့ ပုဂ္ဂိုလ်များ ရှိသလို သာသနာရဲ့ စစ်မှန်သော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းကို လိုက်တဲ့လူတွေ ရှိကြတယ်ဆိုတာ။ ဘာသာတခုတည်းကိုပဲ ကွက်ပြီးတော့ မီးမောင်းမထိုးပြဘဲနဲ့။ ဘာသာအသီးသီးမှာ ရှိနိုင်တယ်ဆိုတဲ့ အရှိတရားကို လက်ခံနိုင်တဲ့အတွက်ကြောင့် ဒီ Huntington's Clash of Civilizations က မအောင်မြင်တော့ဘူးတူတယ်။ Clash of Ignorance ဖြစ်ပါတယ်။ ဒါဟာ အသိပညာမဲ့သူတွေရဲ့ ထိပ်တိုက်တွေ့မူပါ။

ဦးကျော်ဇံသာ ။ ။ စောစောက ဦးအေးလွင် စောစောကပြောတဲ့ထဲမှာ အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တဲ့ လူတချို့ကို အသုံးချပြီးတော့ လှုံဆော်တဲ့လူတွေက လုပ်တယ်လို့ဆိုတယ်။ တရားဥပဒေ ထွန်းကားနေတဲ့ နိုင်ငံ ဘာညာပြောနေတဲ့ အာဏာပိုင်တွေ။ အဲဒီလူတွေကို ဖော်ထုတ်ပြီးတော့ ဘာကြောင့် အရေးမယူနိုင်တာလဲ။ သို့တည်းမဟုတ် ဒီလူတွေဟာ အာဏာပိုင်တွေထဲမှာ ပေါက်ရောက်တဲ့လူတွေ ဖြစ်နေပြီလား။ လှုံဆော်တဲ့လူတွေကို ဘယ်လိုမြင်ပါသလဲ။

ဦးအေးလွင် ။ ။ ကျနော် ဒါကိုလည်း တခေါက်က ဖြေဘူးပါတယ်။ ကိုင်တွယ်တဲ့နည်းပုံစံချင်း မတူညီကြလို့ တူပါတယ်။ ဒါကို ဘယ်လိုပြေပျောက်အောင် လုပ်ရမလဲဆိုတာ။ ဥပမာဆိုလို့ရှိရင် ကျနော် ဒီကိုထွက်မလာသေးခင်မှာပဲ ဦးနေမျိုးဝေ က ကိုရန် ကို ban လုပ်ဖို့ဆိုပြီးတော့ စွပ်စွဲထားတဲ့ စွပ်စွဲချက် (၂၈) ခုကို ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းပါတယ်။ ဖြေရှင်းတာက ကျနော်တို့က ဦးနေမျိုးဝေ ကို ဖြေရှင်းတာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလူက လူညံ့မဟုတ်ဘူး။ သူ မေးထားတဲ့ မေးခွန်းတွေက အောက်ကကိုးကားထားတာနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သူကိုယ်တိုင်သိတယ်။ သို့သော် ရိုးသားသောပြည်သူများဟာ နားယောင်သွားမယ်ဆိုပြီး ဖြေရှင်းမှုကို လုပ်ရပါတယ်။ အဲဒီတော့ ဘယ်လိုနည်းနဲ့ ကျနော်တို့က ဒီ ပဋိပက္ခကို ငြိမ်းချမ်းအောင် လုပ်မလဲဆိုရင် အဲဒီလို ဖန်တီးတဲ့လူတွေကို အရေးယူချုပ်ကိုင်တာထက်၊ ပြည်သူတွေကို နားလည်းလာအောင် ပညာပေးလိုက်မယ်ဆိုရင် ရေရှည် sustainabe solution ရသွားလိမ့်မယ်။ နောက်ထပ် ခြေထိုးလို့ မရတော့ဘူး။ မြှောက်ပင့်ပေးလို့ မရတော့ဘူး။ သွေးခွဲလို့ မရတော့ဘူး။

ဦးကျော်ဇံသာ ။ ။ ဘာကြောင့် အဲဒီလူတွေကို အရေးမယူတာလဲ။ ဦးနေမျိုးဝေ တဦးတည်းလား။ ဒါထက်အရေးကြီးတဲ့လူတွေ၊ အာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်လို့ မရတဲ့လူတွေ မြှောက်ပေးတဲ့ထဲမှာ ပါနေကြလို့လား။

ဦးအေးလွင် ။ ။ အရင်တခေါက်က ဗွီအိုအေ မေးတုန်းကလိုပဲ ကျနော်ဖြေရမယ်။ ဒီလူတွေ hero ဖြစ်သွားရင် ပိုဆိုးသွားမယ်။ အဲဒီတော့ သူတို့ကို hero အဖြစ်မခံဘဲနဲ့ die in natural death သူဟာသူ မမှန်ကန်လွှဲမှားသော အယူအဆများသည် သဘာဝအတိုင်း ကျဆုံးပျက်စီးသွားမယ်။ အများပြည်သူရဲ့ ထောက်ခံမှု မခံရဘဲနဲ့။ ပြည်သူက အလိုလိုဝိုင်းကျင်လိုက်ရင် သူတို့ရဲ့ အဓမ္မဝါဒက သက်ဆိုးရှည်မှာ မဟုတ်ဘူးဆိုတာ။ ဒီနည်းကို ကျင့်သုံးနေတယ်လို့ ဒီလိုပဲ အကောင်မြင်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ သာမန်လူပုဂ္ဂိုလ်တင်မကဘူး ဗုဒ္ဓစာပေကျမ်းဂန်နံှစပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဦးဆောင်ပြီးတော့ သူတို့တွေ အမုန်းတရားတွေ ဟောတယ်ဆိုပြီးတော့ နိုင်ငံတကာသတင်းတွေကလည်း ပြောကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ ဘာသာတရားအချင်းချင်း မုန်းတီးကြ၊ သတ်ကြလို့တော့ မပြောဘူးပေါ့။ ဒါပေမဲ့ မပြေးသော်လည်း ကံရာရှိ - သူတို့ အဲဒီလို ပြောလိုက်တဲ့အတွက် တကယ်ပဲ ပြည်သူတွေစိတ်ထဲမှာ တင်းမာတဲ့သဘောထားတွေ ဖြစ်ကုန်တယ်လို့ ပြောကြပါတယ်။ အဲဒါကို သံဃာအဖွဲ့အစည်းအနေနဲ့ ထိန်းသိမ်းလို့ မရဘူးလားဘုရား။

ဦးဇောတိက ။ ။ ရပါတယ်။ အခုလည်းပဲ ထိန်းနေကြတယ်။ ထိန်းနေကြတယ်ဆိုတာ အခု ဘုန်းကြီးကိုယ်၌ ပါဝင်ပြီးတော့ ပြုလုပ်နေတဲ့ ပဋိပက္ခ ဖန်တီးမှု ကြိုတင်ကာကွယ်ရေး ကော်မတီဆိုတာကို မန္တလေးမှာရှိတယ်။ အဲဒီအဖွဲ့ထဲမှာ ဘုန်းကြီးပါဝင်ပြီး လုပ်နေတာကိုက အဲဒီလို ပဋိပက္ခ ဖန်တီးမှုတွေ၊ ကောလာဟလ လုပ်မှုတွေ၊ ဟိုလိုပြော ဒီလိုပြော လုပ်မှုတွေ။ အဲဒီမှာ ဘုန်းကြီးဖြစ်စေ၊ ကျောင်းသားတွေဖြစ်စေ၊ ပြည်သူကဖြစ်စေ အဲဒီလို ကောလာဟလတွေကို ဘုန်းကြီးတို့က ဇစ်မြစ်ကိုလိုက်တယ်။ လိုက်ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေကို ဖြေရှင်းတယ်။ မဟုတ်မမှန်တဲ့ အကြောင်းဆိုရင်လည်း မဟုတ်မမှန်တဲ့အကြောင်း မြန်မြန်ဖြေရှင်းပေးတယ်။ အဲဒီလို အခုလောလောဆယ် ဘုန်းကြီးတို့ လုပ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တရားပွဲတွေလုပ်ပြီးတော့ ဟောတဲ့ကိစ္စတွေကို။ အဲဒါကို ...

ဦးဇောတိက ။ ။ တရားပွဲတွေ လုပ်ပြီးတော့ ဟောတဲ့ကိစ္စတွေကတော့ တချို့ အခုနလို အမြင်ကျဉ်းတဲ့ ဓမ္မကထိကမျိုးပဲ ဟောတာပါ။ ဒီလို အမြင်ကျယ်တဲ့ ဓမ္မကထိကတွေကတော့ အဲဒီလို အမျိုးသားရေးစိတ်ဓါတ်ကို တအားဦးတည်ပြီးတော့ မဟောကြပါဘူး။ ဒါက ဘုန်းကြီးအမြင်ပေါ့။

ဦးကျော်ဇံသာ ။ ။ အမြင်ကျဉ်းတဲ့ ဟောတဲ့ ဓမ္မကထိကတွေကို သံဃာအဖွဲ့အစည်းအနေနဲ့ သံဃာသာသနာပိုင် ပုဂ္ဂိုလ်များအနေနဲ့ ဘာမှထိန်းချုပ်လို့ မဖြစ်နိုင်ဘူးလားဘုရား။

ဦးဇောတိက ။ ။ ထိန်းလည်းထိန်းချုပ်နေပါတယ်။ ဘုန်းကြီးအမြင်ပေါ့။ ဒီလို တိပ်ခွေတွေကို ဟောပြီးပြီဆိုရင် သက်ဆိုင်ရာ သံဃာနာယကအဖွဲ့အစည်းကို ပို့ပေးရတယ်။ သက်ဆိုင်ရာ သံဃာနာယကအဖွဲ့အစည်းကနေ ဒီတရားကတော့ လူမျိုးရေးပဋိပက္ခ ဖြစ်နိုင်တယ်ဆိုရင် သတိပေးတာတွေ။

ဦးကျော်ဇံသာ ။ ။ ဓမ္မစက်ပေါ့။ အာဏာစက်တော့ မပါဘူးပေါ့။

ဦးဇောတိက ။ ။ အာဏာစက်တော့ အခုအချိန်အထိလုပ်တာ မတွေ့ဘူးသေးဘူး။ ဓမ္မစက်ကတော့ အခုလုပ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်မမှာ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ ဖြစ်မလာခင်၊ ရခိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်မမှာဖြစ်တဲ့ ပဋိပက္ခ နဲ့ ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခနဲ့ ပြဿနာတွေ ဘယ်လောက်ဆက်နွှယ်နေပါလဲ။

ဦးအေးလွင် ။ ။ ကျနော့်စိတ်အထင်တော့ နောက်က ကြိုးကိုင်နေတဲ့ လူတွေက ပုံစံတခုတည်းပဲ။ ရခိုင်မှာဖြစ်တဲ့ ကိစ္စကလည်း ဒါဟာ ရာဇဝတ်မှုတခုပါ။ အင်မတန်ကို စက်ဆုပ်ဖွယ်ရာ ရာဇဝတ်တခုပါ။ ဒီ ရာဇဝတ်မှုတခုကို ကျူးလွန်းခဲ့တဲ့အပေါ်မှာ စောင့်ကြည့်ပြီး အမြတ်ထုတ်ချင်တဲ့ လူတွေက ဒါကို အသုံးချသွားပါတယ်။ အဲဒီတော့ ပြည်မမှာပါ ဖြစ်လာပြီဆိုတဲ့အခါကြတော့ ဒါဟာ တဖတ်နိုင်ငံက ကူးလာတဲ့ ပြဿနာတို့၊ အဲဒီလို ရခိုင်ပြည်နယ်မှာပြောတဲ့ အကြောင်းပြချက်မျိုး ပြောလို့မရတော့ဘူး။ အဲဒီတော့ သူတို့အနေနဲ့ ဖန်တီးချင်တာက ဘာသာရေးနှစ်ခုရဲ့ ထိပ်တိုက်တွေ့မှုဆိုတဲ့ ပုံစံ။ အစ္စလာမ်ကို ဘာသာအနေနဲ့ကို တိုက်ခိုက်တဲ့ပုံစံ ဖြစ်လာအောင်။ မူစလင်တွေကိုလည်း သွေးကြွလာအောင် အခုနပြောတဲ့ လှုံဆော်မှုတွေ လုပ်ပြီးတော့ ထိပ်တိုက်ဖြစ်လာအောင် တနည်းအားဖြင့် မတည်ငြိမ်မှုတခုကို ဖန်တီးဖို့အတွက် အသုံးချတယ်လို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်။ အသုံးချတဲ့ pattern တွေ စနစ်တွေ၊ ပုံစံတွေကလည်း တူနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလို ပြည်မမှာ ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့နေရာတွေ မထ္တီလာ၊ လားရှိုး လို့လိုနေရာတွေမှာ မူစလင်အသိုင်းအဝိုင်းအနေနဲ့ အရင်လို သူတို့ နေနိုင်ကြပြီလား။ စိတ်ချလက်ချ အန္တရာယ်၊ အကြောက်တရား ကင်းမဲ့စွာ အရင်လိုပဲ အချင်းချင်း လူ့အဖွဲ့အစည်းအတွင်း ကူးသန်းရောင်းဝယ် ဆက်ဆံပြီးတော့ ပြန်လည်ပြီးတော့ ပုံမှန်ဖြစ်နေပြီလား။

ဦးအေးလွင် ။ ။ ပြည်မမှာတော့ နဂိုကတည်းက ပါတဲ့လူတွေက မြို့တွင်းက လူတွေမပါဘူးလို့ မပြောဘူး ပါပါတယ်။ အခုနပြောတဲ့ radical elements တွေ ပါတာပေါ့။ အစွန်းရောက်တဲ့ elements တွေပါမယ်။ နောက်ပြီး ပစ္စည်းလုမယ့်လူတွေကိုလည်း မြှောက်ပင့်ပေးတဲ့အခါကြတော့ ရွာနီးနီးစပ်က ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အထဲကလူ မပါဘူးဆိုတာ မဟုတ်ဘူး။ သို့သော် အများစု ဦးဆောင်တဲ့လူတွေက လူစိမ်းတွေ ဖြစ်နေတဲ့အခါကြတော့ ပြန်လည်သင့်မြတ်မှုဆိုတဲ့ကိစ္စက သိပ်မကြာဘူး။ သို့သော် အနာကျပ်သွားပေမယ့်လဲ အမာရွတ်တွေWounds heal but scars remain ရှိနေတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ trauma စိတ်ရဲ့ဒဏ်တွေကို ကုစားဖို့တော့ အချိန်လေးပေးရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက် ကျနော် မသိတာ တခုမေးချင်တာက ဗုဒ္ဓဘာသာ တရားပွဲတွေကတော့ open to all လမ်းလယ်မှာ ဟောကြတယ်။ ဒါပေမဲ့ အစ္စလာမ်သာသနာ တရားဟောတာကြတော့ ဗလီထဲမှာဟောတော့ တချို့လူတွေက သံသယဝင်ကြတယ်။ သူတို့က သွေးထိုးတယ်၊ လှုံဆော်တယ်၊ မြှောက်ပေးတယ်ဆိုတော့ အစ္စလာမ်တရားတော်ကို ပွင့်ပွင့်လင်းလင်း ဗုဒ္ဓဘာသာလို open to all ဟောလို့ မရဘူးလား။

ဦးအေးလွင် ။ ။ တစ်အချက်ကတော့ ကျနော်တို့ ဘာလုပ်လုပ် ခွင့်ပြုချက်တွေ တောင်းရပါတယ်။ ကျနော်တို့ တမန်တော်နေ့မြတ်အခမ်းအနားတွေက လမ်းမတရားပွဲကြီးတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် တမန်တော်နေ့မြတ်အခမ်းအနာ စမ်းချောင်းမှာ လုပ်တာဆိုရင် ဘာသာပေါင်းစုံက သံဃာတော်ကြီးများလည်း တက်ပြီးတော့ ဟောပြောကြပြီးတော့ တော်တော်လေးလည်း အောင်မြင်ပါတယ်။ အဲဒီလို လမ်းဘေးတရားပွဲတွေ ဖြစ်ပါတယ်။ ခွင့်ပြုချက်တွေအဆင့်ဆင့် တောင်းရပါတယ်။ အခု အဲဒီလို အထင်အမြင် လွှဲမှားမှုတွေကို ဖြေရှင်းအောင် mosque ဗလီဝတ်ကျောင်းတော်တွေကို လေ့လာဖို့ဆိုပြီးတော့ ဖိတ်ကြားပြီးတော့ ဒီအစီအစဉ်တွေကို လုပ်နေပါတယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီးတော့ အထင်အမြင်လွှဲမှားမှုများကိုလည်း အခုန သတင်းစာရှင်းလင်းပွဲများနဲ့ အစ္စလာမ်နဲ့ ပတ်သက်ပြီး လူတွေမသိတဲ့ ၇၈၆ လို၊ jihad လိုဟာမျိုး၊ အိမ်ထောင်ပြုမှုနဲ့ ပတ်သက်လို့ အထင်အမြင် လွှဲမှားမှုများကိုလည်း သတင်းစာရှင်းလင်းပွဲတွေနဲ့ စာရွက်စာတမ်းတွေထုတ်ပြီး ကျနော်တို့ ရှင်းလင်းဖြေကြားလျက် ရှိပါတယ်ခင်များ။

ဦးကျော်ဇံသာ ။ ။ ဗုဒ္ဓဘာသာ တရားပွဲတွေကို ဗုဒ္ဓဘာသာဘက်က ဘယ်လိုလုပ်ပါသလဲ။

ဦးဇောတိက ။ ။ အခုန ဒကာကြီး ဦးအေးလွင် ပြောသလိုပါပဲ။ ဗုဒ္ဓဘာသာတရားပွဲတွေလည်း ခွင့်ပြုချက် တောင်းရပါတယ်။ အခုအချိန်အထိ အဲဒီခွင့်ပြုချက် စည်းမျဉ်းကတော့ ရှိနေတုန်းပါ။ သက်ဆိုင်ရာ ဒေသန္တရသံဃာနာယကတို့ ဒေသန္တရအုပ်ချုပ်ရေးတို့ အဲဒီပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက်ပါမှ ဟောရတာပါ။

ဦးကျော်ဇံသာ ။ ။ တပည်တော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ အာဏာပိုင်တွေဟာ ထိထိရောက်ရောက် ဟန့်တားမှု မရှိဘူးလို့ နိုင်ငံတကာ သုံးသပ်သူတွေက ဝေဖန်ပါတယ်။ အဲဒါကို ပြောနိုင်သလောက်ပြောပါ။

ဦးအေးလွင် ။ ။ မှန်ပါတယ်။ သမ္မတကြီးကိုယ်တိုင်က လက်ခံထားတဲ့အချက်ပါ။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေက တခုပြီးတခု တော်တော်အားတတ်စရာလေးတွေ ကောင်းတယ်။ အဲဒါတွေ တကယ်များ လက်တွေ့အကောင်အထည် ဖော်နိုင်ရင်တော့ ကျနော်တို့အတွက်ကတော့ ပြဿနာတွေ ဖြေရှင်းနိုင်လိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အာဏာပိုင်တွေထဲမှာ သမ္မတကြီး မပါဘူးပေါ့။

ဦးအေးလွင် ။ ။ သမ္မတကြီးကိုယ်တိုင်က ပြောနေပြီ။ ဒီဝန်ထမ်းတွေ သတ္တိရှိရှိ လုပ်ကြပါ။ ဥပဒေကို ချက်ချင်းအကောင်အထည်ဖော်ကြပါဆိုတော့ ဒီလိုအပ်ချက်ကြီးကို နိုင်ငံဦးသျှောင်ကြီးကိုယ်တိုင်က သိနေတဲ့အချက်ပါ။ ဒါကိုထပ်ပြီးတော့ သက်သေပြစရာတောင် မလိုတော့ပါဘူး။

ဦးဇောတိက ။ ။ ဘုန်းဘုန်းလည်း ယုံကြည်ပါတယ်။ သမ္မတကြီး တကယ်တည်ငြိမ်အောင် လုပ်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အောက်ခြေအဆင့်ကရော။

ဦးဇောတိက ။ ။ အောက်ခြေအဆင့်ဆင့်ကတော့ အခုအချိန်အထိ အထက်ကပြောတဲ့အတိုင်း အောက်ခြေအထိတောင် လုံးဝမပြောင်းသေးဘူး။ သို့သော် တဖြည်းဖြည်း ပြောင်းလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
XS
SM
MD
LG