သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်မှုထမ်းဥပဒေ တရားဝင်မှုမရှိဟု NUG ထုတ်ပြန်


စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
စစ်အာဏာသိမ်း (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့က ရန်ကုန်မြို့ပေါ်မှာ တွေ့ရတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒဟာ တရားဝင်မှုမရှိတဲ့အတွက် ပြည်သူတွေလိုက်နာဖို့မလိုကြောင်း NUG အစိုးရက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကတော့ ဒီဥပဒေနဲ့အကျုံးဝင်နေတဲ့ မြန်မာလူငယ် အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၃ သန်းနီးပါးရှိနေကြောင်းနဲ့ လူငယ်ပညာတတ်တွေကိုလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အလေးပေး စုဆောင်းသွားမယ့်အကြောင်း ကြေညာထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ကနေ စတင်အာဏာတည်စေရမယ်လို့ ကြေညာခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီက အသေးစိတ်ရှင်းလင်းရာမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်အရေအတွက် မြန်မာနိုင်ငံမှာ ၁၃ သန်းနီးပါးရှိနေတယ်လို့ မနေ့က ဗွီဒီယိုနဲ့ ထုတ်ပြန်ချက်မှာ အခုလိုပြောသွားပါတယ်။

"ကျနော်တို့နိုင်ငံရဲ့ ၂၀၂၉ ခုနှစ် ကြားဖြတ်သန်းကောင်စာရင်းအရ အခု ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်နိုင်တဲ့လူဦးရေ ဆိုတာက အမျိုးသား ၆.၃ သန်း၊​ အမျိုးသမီး ၇.၇ သန်း၊ စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီ ၁၃ သန်းလုံးကို ကျနော်တို့က တပြိုင်တည်း စစ်မှုထမ်းဆောင်စေမှာလား။ မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒီ စစ်မှုထမ်းဆောင်စေတယ်ဆိုတဲ့ အထဲမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်။ သူ့ရဲ့အဆင့်အလိုက် စစ်သည်တွေနဲ့တူညီတဲ့ခွင့်အရေး၊ စစ်သည်တွေနဲ့တူညီတဲ့လေ့ကျင့်ရေး ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးနဲ့ ပတ်သက်လာရင် လူငယ်ပညာတတ်တွေကို စုဆောင်းသွားမယ့်နည်းလမ်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြသွားပါတယ်။

"ကွန်ပြူတာ IT ပညာကျွမ်းကျင်တဲ့သူတွေကလည်း မိမိနိုင်ငံကို ဆိုင်ဘာတိုက်ခိုက်မှုအတွက် ကာကွယ်ရမယ့်တာဝန်တွေရှိတယ်။ စီးပွါးရေးအရ ကျွမ်းကျင်တဲ့သူတွေကလည်း မိမိနိုင်ငံကို စီးပွါးရေးအရ ထိုးနှက်လာမယ့်ဟာတွေကို မိမိနိုင်ငံဘက်က မိမိအကျိုးကို ကာကွယ်ဖို့အတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီ ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့အခါမှာလည်း ကျနော်တို့အနေနဲ့ မိမိရဲ့သက်ဆိုင်တဲ့၊ ကျွမ်းကျင်တဲ့ပညာရပ်တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးကာကွယ်ရေးတာဝန်ပါ ထမ်းဆောင်နိုင်ဖို့ အခြေခံစစ်ပညာသင်ကြားပြီး ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့မှာ အာဏာတည်စေရမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်ရင် နိုင်ငံတော်အာဏာကို ဥပဒေမဲ့အကြမ်းဖက်သိမ်းယူထားတဲ့ စစ်တပ်ရဲ့ ပြဌာန်းသတ်မှတ်ချက်တွေဟာ တရားဝင်မှုလုံးဝမရှိတဲ့အတွက် လိုက်နာဖို့ မလိုကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက မနေ့ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့လိုက်နာဖို့ မလိုဘူးလဲဆိုတာကိုတော့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"တရားဥပဒေမဟုတ်တဲ့အတွက်ကြောင့် အာဏာဖီဆန်ဖို့ လိုအပ်ပါတယ်။ ဆိုတော့ နည်းမျိုးစုံနဲ့ ပြည်သူလူထုလည်း သိပါတယ်။ အသံတိတ်သပိတ်လုပ်ခဲ့တယ်။ လမ်းပေါ်ထွက်ဆိုလည်း အကုန် ညီညီညွတ်ညွတ်ထွက်ခဲ့ကြတယ်။ အဲဒီတော့ ဒီဟာကို ကျနော်တို့အနေနဲ့ ပြည်သူလူထုအနေနဲ့က မတရားတဲ့အာဏာကိုဖီဆန်တဲ့ ဆန့်ကျင်မှုပြုလို့ရတယ်။ ကျနော်တို့ NUG - အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း လူငယ်တွေကို ကူညီဖို့၊ ကာကွယ်ပေးဖို့၊ သူတို့တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ကြိုးစားဆာင်ရွက်ဖို့ ကျနော်တို့တွေ အဆင်သင့်ရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်ခင်ဗျ။"

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုတွေကြုံနေရတဲ့ စစ်ကောင်စီအနေနဲ့ စစ်ပွဲတွေမှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မခိုင်းစေဖို့နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ်အသက်သွင်းရာမှာ အကူအညီပေးတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် ထည့်သွင်းအရေးယူခံရမယ်ဆိုတဲ့ NUG ကြေညာချက်မှာပါတဲ့အချက်ကို ဦးကျော်ဇော်က အခုလိုရှင်းပြပါတယ်။

"စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့၊ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေက ဒီဥပဒေဆိုတဲ့ဟာ ပြဌာန်းပြီးတော့ လူတွေကို အတင်းအဓမ္မ စစ်ထဲသွင်းပြီးတော့ အသေခံခိုင်းမယ့်ဟာ၊ ဒါက နောက်ထပ် စစ်ရာဇဝတ်မှုတခုကို ကျူးလွန်တဲ့ဟာလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

အခုလို စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေကို လက်မခံကြတဲ့ လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေ ဒါမှမဟုတ် ပြင်ပနိုင်ငံတွေကို ထွက်ခွာဖို့ပြင်ဆင်နေကြောင်း လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ကတော့ ဒါက မဖြစ်နိုင်ဘူးလို့ပဲ မြင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လူငယ်တွေကို ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်တဲ့သဘောပေါ့နော်။​ လက်ရှိမှာတော့ တတိယနိုင်ငံသွားမယ့်သူတွေကတော့ သွားမှာပဲ၊ အကယ်လို့ မဟုတ်ဘူး၊ လွတ်မြောက်နယ်မြေက လူငယ်တွေကို ထောက်ပံ့ပေးမယ်ဆိုတဲ့လူငယ်တွေကလည်း တခြားနိုင်ငံတွေကနေပြီးတော့ အလုပ်တွေလုပ်ပြီးတော့ ဒီ လွတ်မြောက်နယ်မြေက မိတ်ဆွေတွေ၊ ကျနော်တို့ရဲ့စစ်သည်တွေကို အားလုံးထောက်ပံ့ပေးမယ်လို့လည်း ကျနော် မျှော်လင့်တယ်။"

စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှုမထမ်းမနေရဥပဒေဟာ အရင် စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ၂၀၁၀ ပြည့်နှစ် ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အရွယ်ရောက်သူတိုင်း စစ်တပ်ထဲမှာ အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမယ့် ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်နိုင်တာပါ။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူတွေဖြစ်မယ်ဆိုရင် စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင်အရေးပေါ်အခြေအနေလို့ သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်တယ်လို့လည်း ဥပဒေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG