သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံ အစ္စရေးစီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦးသေ 


Nasser ဆေးရုံကနေ ထွက်ပြေးလာတဲ့ မိသားစုတစုကို ရာဖာမြို့မှာတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
Nasser ဆေးရုံကနေ ထွက်ပြေးလာတဲ့ မိသားစုတစုကို ရာဖာမြို့မှာတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ဂါဇာ တောင်ပိုင်းက အဓိက ဆေးရုံတခုထဲကို ကြာသပတေးနေ့မှာ ဝင်ရောက် စီးနင်းခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူတဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့တဲ့အကြောင်း ဂါဇာ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပြောပါတယ်။ Khan Younis မြို့က Nasser ဆေးရုံကို ကြာသပတေးနေ့ကစပြီး စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး ဒီဆေးရုံထဲမှာ ဟာမတ်စ်အဖွဲ့က ဓားစားခံတချို့ ဖမ်းဆီးထားတယ်ဆိုတဲ့ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းတွေ ရထားတဲ့အကြောင်း အစ္စရေးစစ်တပ် ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ဓားစားခံတချို့ရဲ့ အလောင်းတွေတောင် ဒီဆေးရုံထဲမှာ ရှိကောင်း ရှိနိုင်တယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။ စစ်ဆင်ရေး မစခင် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပြီး ဒီလို ရွှေ့ပြောင်းနိုင်အောင် ဗုဒ္ဓဟူးနေ့ကတည်းက ကယ်ဆယ်ရေး လမ်းကြောင်း ဖွင့်ထားပြီး ဆေးရုံမှာ ခိုလုံနေကြ တဲ့ သူတွေ ထောင်နဲ့ချီ ဒေသတွင်းက ထွက်ခွာခဲ့ကြ ပြီးဖြစ်တယ်လို့လည်း အစ္စရေးက ပြောပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်း ကျန်းမာရေး ဌာနကတော့ ဆေးရုံထဲမှာ ဆက်နေဖို့ မလုံခြုံတော့ဘူးဆိုတာကို ဆေးဝန်ထမ်းတွေက သတိပေးထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ချောင်းမြောင်းပစ်ခတ်မှုတွေကြောင့် လူတွေဘေးလွတ်ရာ ထွက်ခွာလို့မရဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ကတော့ အစ္စရေးရဲ့ ဒေသတွင်းက ထွက်ခွာဖို့ အမိန့်ကို ရှုတ်ချပါတယ်။ ဒီဆေးရုံထဲမှာ သူတို့ရဲ့ ဝန်ထမ်းတွေက လူနာတွေကို ခက်ခက်ခဲခဲ ဆေးကုပေးနေရတဲ့အကြောင်းလည်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ က ပြောဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေးက အိမ်နီးချင်း လက်ဘနွန်နိုင်ငံကိုလည်း ကြာသပတေးနေ့က လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာမှာ အရပ်သား သေဆုံးသူ့ဦးရေ ၁၀ ဦးအထိ ရှိတဲ့အကြောင်း လက်ဘနွန် သတင်းတွေက ဖော်ပြကြပါတယ်။ ဒါဟာ ၄ လကျော်ကြာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်း အရပ်သား သေဆုံးမှု အများဆုံးနေ့ ဖြစ်တယ်လို့လည်း ဖော်ပြကြပါတယ်။

XS
SM
MD
LG