သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန့်ဆည်မြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်


စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က ၂ ရက် ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းကင်းမြို့နယ်ထဲမှာလည်း စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေအကြား စစ်ရေး တင်းမာနေပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပါမယ်။

တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်အထိ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးတာမရှိသလို တိုက်ပွဲလည်းဖြစ်တာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောတာပါ။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးတာလည်း ရှိတယ်လို့ တန့်ဆည် ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“၈နာရီခွဲလောက်က တကြိမ်၊ ၁၁နာရီ ၂၀(မိနစ်) မှာ တကြိမ်၊ ကံထူးမ အနောက်နားလေး အင်ရေအိုး အဲ့နား ပတ်ချာလည် ခင်ဗျ။ ရွာဘေးကျတာပေါ့။ ကြဲတာက ရွာကို ကြဲတာလားမသိဘူး။ တိုက်ပွဲလည်းမရှိဘူး။ အမျိုးသမီးတယောက် အဲ့လိုဖြစ်တယ်သတင်းရတယ်။ အတိအကျတော့မသိသေးဘူး။ တယောက်တော့ ဖြစ်တယ်ပြောတယ်။ ဆုံးတာပေါ့။ ၁၅ ရက်နေ့က ၃၉ ရယ် ၅၁ မိုင်ရယ် ပစ်တယ်ဗျာ။ တန့်ဆည်နဲ့ ကလေးဘက် အစပ်ပေါ့။ အဲ့နားလေးက တောဂျင် ဆိုတဲ့နေရာကို ၁၅ ရက်နေ့က ပစ်တယ်။ ၁၄ ရက်နေ့ကလားမသိဘူး။ အဲ့တုန်းကလည်း ၃၆ မိုင်မှာ ပစ်တယ်။”

ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရတာတွေရှိပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့ အချိန်ကစလို့ တိုက်ပွဲတွေ မဖြစ်တော့တာ ၂ လနီးပါး ရှိလာပါပြီ။

တန့်ဆည်မြို့ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်က မြို့ခံတွေဟာ မြို့ကိုစွန့်ခွါခဲ့ပြီး နီးစပ်ရာကျေးရွာတွေမှာ သွားရောက် ခိုလှုံနေကြရပြီး အချိန်ကြာမြင့်လာတဲ့အတွက် စားသောက်ရေး ခက်ခဲနေသလို မြို့ထဲမှာလည်း တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မင်းကင်းဘက်မှာဆိုရင်လည်း ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ စစ်တပ် ထောက်ခံတဲ့ ပျူစောထီးတွေရဲ့ ကူလဲ ကျေးရွာကို ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ကံ ကျေးရွာကိုတော့ ဆက်လက် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ကျောင်းသား တော်လှန်ရေး တပ်ဖွဲ့က တာဝန်ရှိသူ တဦးက အခုလို ပြောပြပါတယ်။

“စစ်ရေး အခြေအနေက နည်းနည်းမြင့်နေတယ်။ သူတို့ဘက်ကလည်း အသင့်အနေအထား၊ ကျွန်တော်တို့ဘက်ကလည်း အသင့် အနေအထား ဖြစ်နေတယ်။ လေယာဉ်တွေကတော့ မင်းကင်းမြို့နယ်တဝိုက်မှာ ပတ်နေတာတော့ရှိတာပေါ့။ ကူလဲဆိုတဲ့ စခန်းတခုကိုလည်း သိမ်းထားတယ်။ နောက်ပြီး ကံရွာပေါ့။ (ကံရွာကို) သိမ်းထားတယ်ဆိုတာထက် သူတို့လည်း လက်လွှတ်ထားတယ်။ ကျွန်တော်တို့လည်း မသိမ်းနိုင်သေးဘူး။ သူတို့လည်း တပ်ကိုနောက်ခေါက်ထားတယ်။ ကျွန်တော်တို့လည်း နောက်ခေါက်ထားတယ်။ စစ်တလင်းဖြစ်သွားတာပေါ့။ သိမ်းနိုင်တယ်လို့ မဆိုလိုဘူးပေါ့။ ကူလဲကတော့ လုံး၀ သိမ်းနိုင်တဲ့ အနေအထားပါပဲ။ ရှေ့ဆက်တက်ဖို့လည်း လုပ်နေတယ်။ ကျွန်တော်တို့ဘက်ကျတော့လည်း ရန်သူ့ စစ်အင်အား ပိုများလာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း အင်အားတိုးထားတယ်။ သူတို့ဘက်ကလည်း အင်အား တိုးထားတယ်။ (ကံရွာကို) သိမ်းနိုင်လားဆို မသိမ်းနိုင်ဘူး။ သူတို့လည်း ရှိနေလားဆိုတော့ သူတို့လည်း ရှိမနေဘူး။ တပ်ခေါက်သွားပြီ။ သူတို့က တပ်ခေါက်သွားပြီးမှ စစ်တလင်းအနေနဲ့ စောင့်နေတာပေါ့။ ကျွန်တော်တို့ကလည်း အဲ့နားမှာပဲရှိနေတယ်။”

ကံရွာဟာ စစ်တပ်ထောက်ခံသူ အားကောင်းတဲ့ ကျေးရွာတရွာဖြစ်ပြီး ကျေးရွာထဲမှာ စစ်သင်တန်းပေးတာအပြင် အခိုင်အမာ ဘန်ကာတွေ တည်ဆောက်ထားပြီး စစ်စခန်းတခု ပုံစံ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲအတွင်း ကံရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး စစ်တပ်ထောက်ခံသူအချို့ သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ် ပြန်တာတော့ မရှိသေးပါဘူး။ တိုက်ပွဲကြောင့် မင်းကင်းမြို့နယ်ထဲက ကျေးရွာ ၈ ရွာထက် မနည်းက တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG