သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ပြင်သစ်တို့နဲ့ လုံခြုံရေးသဘောတူညီမှုတွေ ယူကရိန်း လက်မှတ်ရေးထိုး


Ukraine President Volodymyr Zelenskyy, left, and France's President Emmanuel Macron (File Photo)
Ukraine President Volodymyr Zelenskyy, left, and France's President Emmanuel Macron (File Photo)

ဂျာမနီ ပြင်သစ်တို့နဲ့ လုံခြုံရေးသဘောတူညီမှုတွေ ယူကရိန်း လက်မှတ်ရေးထိုး

ယူကရိန်းရဲ့ ရုရှားကျူးကျော်မှု တွန်းလှန်နေတာကို အနောက်နိုင်ငံတွေ ထောက်ခံပံ့ပိုးမှု ခိုင်မာအောင် လုပ်ဆောင်တဲ့ အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ သောကြာနေ့မှာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ လုံခြုံရေးဆိုင်ရာ ၂ နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သလို သောကြာနေ့ နှောင်းပိုင်းမှာလည်း ပြင်သစ်နဲ့ စာချုပ် နောက်တခု ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ဟာ သူ့ရဲ့ ဂျာမနီ ခရီးစဉ်မှာ ယူကရိန်းကို စစ်ရေး အထောက်အကူ ဂျာမနီက ဆက်လက် ပေးအပ်မယ့် ၁၀ နှစ်တာ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ဝန်ကြီးချုပ် Scholz နဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါ့အပြင် ဂျာမနီအနေနဲ့ ရုရှားကို အရေးယူမှုတွေနဲ့ ရုရှားတင်ပို့ကုန်တွေကို ထိန်းချုပ်မှုတွေ လုပ်ဆောင်မှာ ဖြစ်ပြီး ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို ဂျာမနီက ဆက်လက်ပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် Scholz ကပြောပါတယ်။

ဂျာမနီက ယူကရိန်းအတွက် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီကို ချက်ချင်း ပေးဖို့ ပြင်နေကြောင်းနဲ့ ဒီအထဲမှာ ဟောင်ဝပ်ဇာ အမြောက် ၃၆ လက် ၊ ခဲယမ်းမီးကျောက် ၁၂၀,၀၀၀ အပြင် လေကြောင်းကာကွယ်ရေး စနစ် ၂ ခု လည်း ပါဝင်ကြောင်း ပြောပါတယ်။ အခုလို ရေရှည် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုတာဟာ သမိုင်းဝင် ခြေလှမ်း တရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့လက ဗြိတိန်နဲ့ သဘောတူညီမှု လက်မှတ်ရေး ထိုးနိုင်ခဲ့သလို အခုလည်း ဂျာမနီနဲ့ ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ နှောင်းပိုင်းမှာတော့ ပြင်သစ် သမ္မတ Emmanuel Macron နဲ့ နောက်ထပ် စာချုပ်တခု ချုပ်ဆိုဖို့ ရှိသလို တခြားနိုင်ငံတွေနဲ့လည်း လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ချုပ်ဆိုဖို့ ယူကရိန်း သမ္မတက စီစဉ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG