သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတင်းစစ်မှုထမ်းခိုင်းလို့ အိပ်မက်ပြိုကွဲရသူ လူငယ်တချို့


People gather outside the embassy of Thailand to get visas in Yangon on February 16, 2024, after Myanmar's military government said it would impose military service.
People gather outside the embassy of Thailand to get visas in Yangon on February 16, 2024, after Myanmar's military government said it would impose military service.

အတင်းစစ်မှုထမ်းခိုင်းလို့ အိပ်မက်ပြိုကွဲရသူ လူငယ်တချို့

အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ ဘဝအိပ်မက်တွေပါ ရိုက်ချိုးခံလိုက်ရတယ်လို့ လူငယ်တချို့က ပြောပါတယ်။ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို ထွက်ဖို့ ပြင်ဆင်လာကြသလို၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်း လိုသူတွေလည်း များလာတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။

အသက် ၁၈ နှစ်ကစပြီး အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာလိုက်တာကြောင့် လူငယ်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေနဲ့ မရေရာမှုတွေ ပိုပြီး ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် နဂိုကတည်းက လမ်းပျောက်နေရတဲ့ လူငယ်တွေရဲ့ ဘဝတွေကို ထပ်ပြီး ရိုက်ချိုးလိုက်သလို ခံစားရတယ်လို့ အသက် ၂၀ ရွယ် ကျောင်းသူတဦးဖြစ်တဲ မဝါဝါက ပြောပါတယ်။

“သူတို့ရဲ့ အဓိက Target က လူငယ်တွေ ဖြစ်တယ်။ လူငယ်တွေကို ဒီလို target ထားလိုက်တဲ့အချိန်မှာ ပထမကတည်းက အနာဂတ်ပျောက်၊ အကုန်လုံး လမ်းပျောက်နေတဲ့ အချိန်မှာ သူတို့က ဒီလို လုပ်လိုက်တဲ့အတွက် အကုန်လုံး ရုတ်ရုတ်သည်းသည်း ဖြစ်ပြီး နာလည်း နာကျည်းတယ်။ ဝမ်းလည်း ဝမ်းနည်းတယ်။ ကြောက်စိတ်က ပိုလည်း ကြီးလားတယ်။ အနာဂတ်က အစကတည်းက ရေစုံမျောနေတဲ့အချိန်မှာ အခု စစ်တပ်ရဲ့ ဒီလိုမျိုး ထုတ်ပြန်ချက်က စစ်တပ်ရဲ့ အမှားဆုံး လုပ်ရပ်တခုလည်း ဖြစ်မယ်။ ပြီးတော့ သူတို့ရဲ့ (လူငယ်တွေရဲ့) အကြီးမားဆုံး အိပ်မက်ကို ရိုက်ချိုးလိုက်တဲ့ အရာတခုလို့လည်း မြင်ပါတယ်။”

မကြာသေးခင် လပိုင်းတွေအတွင်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ PDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ အကျအဆုံးများပြီး စစ်စခန်းတွေ ဆက်တိုက် လက်လွတ် ဆုံးရှုံးခဲ့ရတာကြောင့် တပ်ဖွဲ့အင်အား ထပ်မံ ဖြည့်ဆည်းဖို့အတွက် အပြင်းအထန် လုပ်ဆောင်နေတာလို့ ဝေဖန်ကြတာတွေ ရှိသလို၊ စစ်ကောင်စီ အတင်းအကျပ် အသက်သွင်းလာတဲ့ စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေကို စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြင်ဆင်တဲ့ လုပ်ရပ်ဆိုပြီး ရှုတ်ချသူတွေလည်း ရှိပါတယ်။ နယ်မြို့တချို့မှာ လူငယ် လူရွယ်တွေကို စစ်တပ်က အတင်းအကျပ် ခေါ်ဆောင်သွားတယ်ဆိုတဲ့ သီးခြား အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီဥပဒေဟာ နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ လူငယ်တွေ ကတော့ စစ်ကောင်စီ တပ်ဖွဲ့ထဲမှာ အတင်းအကျပ် စစ်မှုထမ်းခံရမှာကို စိုးရိမ်ကြောက်ရွံ့ နေကြတယ်လို့ မဝါဝါက ပြောပါတယ်။

“စ ထွက်လာတုန်းကဆိုရင် လုံးဝ တုန်လှုပ်သွားတယ်။ သွေးပျက်ပြီးတော့။ ဒါ တကယ်ရော ဟုတ်ရဲ့လား။ ကောလာဟလ ဖြစ်မှာစိုးလို့ လိုက်ပြီးတော့တောင် မေးပြီး တော်တော် သွေးပျက်သွားတဲ့ အနေအထားမှာရှိတယ်။ အကုန်လုံးလည်း ကြောက်ရွံ့သွားကြတယ်။ ညီမ အပါအဝင် အကုန်လုံး လူငယ် အတော်များများ ကတော့ အားလုံး ကြောက်ရွံ့သွားကြတဲ့ အနေအထားမှာ ရှိတယ်။”

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်တခု စပြီး မိသားစုကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတဲ့ လူငယ် ကိုဇော်မျိုးကလည်း စစ်မှုထမ်းဥပဒေကြောင့် သူ့စိတ်ကူးတွေ အကောင်အထည် ဖော်ဖို့ ခက်သွားသလို၊ ဘာဆက်လုပ်ရမလဲ ဆိုတာတောင် မသိတော့ဘူးလို့ ပြောပါတယ်။

“အမေလည်း ရှိတယ်။ မိသားစု ညီအကိုမောင်နှမတွေလည်း ရှိသေးတယ်ဆိုတော့ သူတို့ကို ပြန်ထောက်ပံ့ဖို့အတွက် ကျနော်က သားအကြီးဆုံးဖြစ်တော့ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ စဥ်းစားထားတယ်။ ဒါပေမဲ့ အခုလိုဖြစ်တဲ့အချိန်မှာ၊ အရင်ကတည်းက စီးပွားရေးက ပျက်နေရတဲ့အချိန်မှာ ဒီလိုသာဖြစ်မယ်ဆိုရင် အကုန်လုံးက တော်တော် တိုင်ပတ်သွားမယ်ဗျာ။ အစကတည်းက စစ်အာဏာသိမ်းမှုကိုတောင်မှ ကျနော်က ဆန့်ကျင်ခဲ့တာဆိုတော့ စစ်မှုထမ်းဖို့တော့ စိတ်ထဲမှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော် ဘယ်ကိုသွားရမလဲ။ ဘာလုပ်ရမလဲ ဆိုတာတော့ ခုချိန်ထိ ဝေဝါးဆဲဖြစ်တယ်။”

ခုချိန်မှာ လူငယ်တွေ အများအပြားကတော့ ပြည်ပနိုင်ငံ ထွက်ဖို့၊ ဒါမှမဟုတ်ရင်လည်း PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲ ဝင်ဖို့ ပြောဆိုနေကြတယ်လို့လည်း ကိုဇော်မျိုးက ပြောပါတယ်။

“အသက် ၁၉၊ ၂၀ လောက်တွေကတော့ သူတို့ လက်နက်ကိုင်တွေထဲကို သွားဖို့ အားသန်ကြတယ်။ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေတဲ့ လူတွေက ဒါကို အားသန်ကြတယ်။ ဒါပေမဲ့ မိဘကို အမှီပြုပြီးတော့ နေရတဲ့ လူတွေကတော့ နယ်စပ်တွေ သွားကြမယ်။ တခြား နိုင်ငံတွေ သွားကြမယ် ဆိုတာမျိုး အားသန်ကြတယ်။ ကျနော်လည်း အဲ့လိုမျိုး ဖြစ်နိုင်ရင်တော့ တနေရာရာကို ထွက်သွားချင်တယ်။ ဒီမြို့မှာတော့ ဆက်မနေချင်တော့ဘူး။”

စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကတော့ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာဖို့ ပြင်လာကြပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်၊ သောကြာနေ့က ထိုင်းနိုင်ငံ သွားနိုင်ဖို့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေ သိသိသာသာ များနေပြီး လာရောက် တန်းစီသူ ထောင်ဂဏန်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာထားတဲ့ စစ်မှုထမ်းဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေအပြင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်းကို ၂၄ လထက် မပိုတဲ့ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ဆိုရင်တော့ (၃၆) လထက် မပိုတဲ့ ကာလအပိုင်းအခြားမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။ အရေးပေါ် အခြေအနေ ဖြစ်ရင်တော့ စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG