သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ နေရပ်ပြန်သူတချို့ ဖမ်းဆီးစစ်ဆေးခံရ


ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်

မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ်ကို ပြန်လာသူတွေထဲက တချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ လူမျိုးရေးမုန်းတီးအောင် လှုံ့ဆော်မှု သတင်းတွေကြောင့် ရန်ကုန်လို မြို့ကြီးတွေက ပြန်လာသူတွေကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးနေတာပါ။ တချိန်တည်းမှာပဲ စစ်ရေးတင်းမာနေတဲ့ ရမ်းဗြဲမြို့မှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ နေအိမ် ၁၅ဝကျော် မီးလောင် ပျက်စီးသွားတယ်လို့ ရက္ခိုင့်တပ်တော်က AA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြပေးပါမယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ဝါဒဖြန့်တာတွေနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ရန်ကုန်မြို့မှာရှိနေတဲ့ ရခိုင်ဒေသခံလူငယ်အများစုဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသကို ပြန်လာနေကြ တာပါ။ အခုလိုစိုးရိမ်မှုတွေကြောင့် နေရပ်ပြန်လာတဲ့ ရခိုင်ဒေသခံတွေကို စစ်ကောင်စီ က ဖမ်းဆီး စစ်ဆေးတာတွေလည်းရှိနေတာပါ။ မနေ့ကလည်း ရန်ကုန်ကနေ ကျောက်ဖြူမြို့ကို လေယာဉ်နဲ့ ပြန်လာကြတဲ့ ခရီးသည်တွေကို စစ်ကောင်စီက လေဆိပ်ကနေဖမ်းဆီးပြီးတော့ ကျောက်ဖြူမြို့ ရမ္မာဝတီမြို့တော်ခန်းမမှာ ထိန်းသိမ်းထားတယ်လို့ ကျောက်ဖြူဒေသခံတဦးကပြောပါတယ်။

“ ရန်ကုန်ကလာတဲ့ ခရီးသည် တချို့ကို မေးမြန်းစစ်ဆေးစရာရှိတယ်ဆိုပြီးတော့ သူတို့ ခေါ်ထား တာရှိတယ်၊ တချို့ကိုလည်း အိမ်ပြန်ခွင့်ပြုတာပေါ့ တချို့ကျတော့လည်း ပြန်ခွင့် မပြုဘူး၊ ကျောက်ဖြူက ရမ္မာဝတီမြို့တော်ခန်းမမှာ ထိန်းသိမ်းထားတာပေါ့၊ အိမ်ထောင်စုစာရင်း ပြနိုင်တဲ့ သူတွေကို ပြန်လွတ်ပေးတာရှိတယ်၊ အိမ်ထောင်စုစာရင်း မပြနိုင်သေးဘူး မိသားစုတယောက်ယောက်က အာမခံပြီးတော့ လာမခေါ်ဘူးဆိုရင် ပြန်မလွတ်ပေးသေးဘူး။”

လက်ရှိရခိုင်ဒေသကို ပြန်လာတဲ့သူတွေဟာ လူငယ်လူလတ်ပိုင်းတွေ အများဆုံးဖြစ်ပြီး ရန်ကုန်လိုနေရာမျိုးမှာ အလုပ်လုပ်ကိုင်နေသူတွေ ပညာသင်ကြားနေသူတွေလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားမလာခင် တိမ်းရှောင်ဖို့ နေရပ်ပြန်လာကြတာပါ။ အခုလိုစိုးရိမ်မှုတွေကြောင့် မိမိနေရပ်ပြန်လာသူတွေကို စစ်ကောင်စီအနေနဲ့ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့လည်း ကျောက်ဖြူဒေသခံ တဦးကပြောပါတယ်။

“ ဒီဒေသကို ပြန်လာတယ်ဆိုတာ တကယ်တော့ သူတို့က ကိုယ့်အိမ်ကို ပြန်လာတဲ့ သူတွေပါ၊ ကိုယ့်အိမ်ကို ကိုယ်ပြန်လာသူတွေကိုတော့ စိုးရိမ်ကြောင့်ကြမှု ကင်းကင်းနဲ့ ပြန်လာတာမျိုး ဖြစ်စေချင်ပါတယ်၊ တကယ်လို့ သူတို့ လိုအပ်လို့ စစ်ဆေးစရာရှိရင်လည်း စစ်ဆေးပြီးတော့ သင့်တင့်တဲ့ အချိိန်တခုမှာတော့ ပြန်လွတ်ပေးစေချင်ပါတယ်။”

အခုလို နေရပ်ပြန်လာတဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်း တစုံတရာ တုန့်ပြန်ပြောဆိုတာမျိုးမရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးတာတွေအပြင် မြို့ရွာ ရပ်ကွက်တွေ ကို မီးရှို့တာတွေ လေကြောင်းတိုက်ခိုက်တာတွေ အကြီးအကျယ်လုပ် ဆောင်နေတယ်လို့ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ရမ်းဗြဲမြို့ပေါ်ကအမှတ် (၄)ကင်းတဲ ရပ်ကွက်မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ဝကျော်အထိ မီးလောင်ပျက်စီး ခဲ့တယ်လို့ AAထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ကျောက်ဖြူမြို့နယ်က သစ်ပုတ်တောင်လမ်းခွဲမှာရှိတဲ့ နေအိမ်နဲ့ စျေးဆိုင်ခန်း ၆လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သလို အဲဒီအနီးအနားက အရပ်သား ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ အနီးအနားကျေးရွာက ဒေသခံတဦးကပြောပါတယ်။

“အဲဒီနေ့က နေ့ခင်းဘက်ကတည်းက သူတို့ကလက်နက်ကြီးနဲ့ လှမ်းပစ်တယ် အဲဒီနေရာကို၊ အဲဒီနောက် စစ်ကောင်စီတပ်တွေ အဲဒီနေရာကို တက်လာပြီးတော့ ညနေ ၅နာရီလောက်မှာ အဲဒီက ဆိုင်ခန်းနှစ်ခန်းနဲ့ နေအိမ်စုစုပေါင်း ၆လုံးကို မီးရှို့သွားတယ်။ ဖမ်းဆီးခံရသူတွေထဲ မှာတော့ အိမ်ပိုင်ရှင်မပါဘူး။ တယောက်ကတော့ အဲဒီနားက လယ်သမား၊ လက်နက်ကြီးပစ် မီးတွေလောင်တော့ သူ့လယ်ကို သွားကြည့်တာ အဲဒီမှာ သူ့ကို ဖမ်းသွား တာ၊ နောက်တယောက်က အဲဒီအနားက ဆီဆိုင်မှာ စောင့်တဲ့ အစောင့်ကို ဖမ်းသွားတယ်။ နောက် ၂ယောက်ကတော့ အဲဒီအချိိန်မှာ သူတို့မီးရှို့နေတဲ့ အချိန်မှာ အဲဒီအနားမှာ ရှိတဲ့ ဇိုင်ချောင်းရွာကို ငါးသွားရောင်းတာ ဆိုင်ကယ်နဲ့ နှစ်ယောက် အဲနှစ်ယောက်ကိုလည်းတခါတည်း ဖမ်းဆီးပြီးတော့ ဆိုင်ကယ်ကိုပါယူသွားတယ်”

ရခိုင်ဒေသမှာ ရာနဲ့ချီတဲ့ တပ်စခန်းတွေအပြင် ရခို်င်မြောက်ပိုင်းက မြို့နယ် ၅ခုကို လက်လွတ် ဆုံးရှုံးထားတဲ့စစ်ကောင်စီအနေနဲ့ ရခိုင်တောင်ပိုင်းကို ထိန်းထားနိုင်ဖို့ အင်အားဖြည့် တင်း တာတွေ စစ်ဆေးတင်းကြပ်တာတွေနဲ့ ကျေးရွာတွေ မြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ရခိုင်တောင်ပိုင်းက မအီမြို့က တံတားနှစ်စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်စီးခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာလည်း တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် စစ်ကောင်စီက တပ်မိသားစုဝင်တွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို ရွှေ့ပြောင်း တာတွေရှိနေသလို စစ်တွေဒေသခံတွေ တော်တော်များများဟာလည်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့်စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေ ကြားထဲကနေ ထွက်ပြေးတိမ်ရှောင် နေကြရတာပါ။ ဒါ့ပြင်ရခိုင် မြောက်ပိုင်း တခုလုံးမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသတွင်း အခြေအနေကို တိတိကျကျသိနိုင်ဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG