သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန့်ဆည်မြို့ ကံထူးမရွာ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်


ကံထူးမ စံပြကျေးရွာ၊ တန့်ဆည်မြို့၊ စစ်ကိုင်း
ကံထူးမ စံပြကျေးရွာ၊ တန့်ဆည်မြို့၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမ နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ မနက်အစောပိုင်းက တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကံထူးမ ကျေးရွာနဲ့ အနီးတဝိုက်က စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိသလို ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦးလည်း ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က ပြောပြပါမယ်။

တန့်ဆည်မြို့နယ်ထဲက ကံထူးမ နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာ စတင် တိုက်ခိုက်ခဲ့ကြပြီး မနက် ၆ နာရီ ဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး မကြာမီ မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ ကံထူးမ ကျေးရွာနဲ့ အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“၃ နာရီလောက်က စဖြစ်တာ၊ ကံထူးမ ပေါ့၊ စံပြကျေးရွာပေါ့၊ အဲ့ဒါသိမ်းလိုက်နိုင်ပါတယ်။ ကံထူးမ စခန်းကတော့ မီးရှို့ပစ်လိုက်ပြီ။ (လေကြောင်းက) အကြိမ်ရေ တော်တော့်ကိုများတယ်၊ မနက် ၃ နာရီကနေ ဖြစ်တာကိုမှ မနက် မိုးလင်းတဲ့အထိပဲ။ ကြိုကြား ကြိုကြားအထိကို လိုက်ပစ်နေတာ လေယာဥ်နဲ့က။ သူတို့လာပြီးတော့ ပစ်တဲ့အချိန်ကျ ၄ခွဲ ၅ လောက်ရှိပြီ၊ အဲ့အချိန်ကနေ တရစပ်ပစ်နေတာ ၂ စီးနဲ့၊ တစ်စီးပြီး တစ်စီး။”

ကံထူးမ နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မတိုက်ခိုက်ခင် တစ်ပတ်လောက်အလိုကတည်းက ကျေးရွာအတွင်းက ဒေသခံတွေကို တိမ်းရှောင်ကြဖို့ တိုက်တွန်းထားခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်ချိန်မှာ ရွာအတွင်းမှာ ဒေသခံတချို့ ရှိနေသေးပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံဘယ်လောက် ထိခိုက်သလဲဆိုတာတော့ အတိအကျမသိသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီက ကံထူးမ ကျေးရွာကို အဓိက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတော့ အဲ့ဒီကျေးရွာနဲ့ အနီးဝန်းကျင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေနိုင်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကံထူမ နယ်မြေရဲစခန်းမှာ အင်အား ၅၀ ဝန်းကျင် ရှိပြီး ဒီကနေ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်တွေကို သိမ်းဆည်းပြီး ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေဘက်ကလည်း ၆ ဦးကျဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“အဲ့ဒီဘက်ကတော့ ၃၀ လောက်တော့ ကျတယ်ဗျ။ ကျွန်တော်တို့ဘက်ကလည်း အထိအခိုက် ရှိတယ်ဗျ။ အထိအခိုက်က များတယ်တော့ မဟုတ်ပါဘူး။ အထိအခိုက်က ဒဏ်ရာရ ရဲဘော် ၁၀ ယောက်လောက်နဲ့ ကျတာက ၆ ယောက်လောက်ရယ်ဗျ။”

ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း ကံထူးမ ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဖက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ခဲ့ပါတယ်။ ကံထူးမ ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာ အတော်များများက ဒေသခံတွေလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

တန့်ဆည်နဲ့ ရေဦးကြားကျေးရွာတွေနဲ့ တန့်ဆည်မြို့တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက စတင် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၅,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG