သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန့်ဆည်မြို့အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံး


Google Earth မြေပုံက မြင်ရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ဝေဟင်မြင်ကွင်း
Google Earth မြေပုံက မြင်ရတဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ဝေဟင်မြင်ကွင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ စိန်းနန်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သားဆုံး ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နဲ့ ကျွန်းလှမြို့အစပ်မှာရှိတဲ့ စိန်းနန်းကျေးရွာကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းမှာ စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အရပ်သားတွေ သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေက ပြောပါတယ်။ စိန်းနန်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲချိန်မှာ စာသင်ကျောင်းအနီးက နေအိမ်တွေအပေါ် ကျရောက် ပေါက်ကွဲတာလို့ တန့်ဆည်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ ညနေတုန်းက စိန်းနန်းရွာကို လေကြောင်း တိုက်ခိုက်မှုလုပ်သွားတယ်၊ နေ့လည် ၂ နာရီနဲ့ မိနစ် ၄၀ မှာ။ တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်း ပစ်သွားတာ။ ပစ်တော့ နေအိမ် ၂ လုံးမီးလောင်ပြီးတော့ ပြည်သူလည်း တော်တော် ထိခိုက်ဒဏ်ရာရတယ်။ လောလောဆယ်အထိတော့ သေဆုံးတွေလည်း များနေတယ်။ အပြင်မှာ ၅ ဦး၊ ဘုန်းကြီးကျောင်းဘက်မှာက ၂ ဦး လို့ကြားတယ်။ ၇ ဦးပေါ့နော်။ အဲ့နေအိမ် ၂ လုံးနဲ့ အနီးအနားက ပြည်သူတွေကတော့ တော်တော် အထိနာတယ်ပေါ့နော် ပေါင် ၅၀၀ ဗုံးဆိုတော့ အရပ်သား ပြည်သူတွေပဲထိခိုက်တယ်။ ဘာမှတိုက်ပွဲမရှိဘူး။ သူကစာသင်ကျောင်းကိုကြဲတာ စာသင်ကျောင်းအရှေ့ဘက်က အိမ် ၂ လုံးကိုထိတာ။”

စိန်းနန်းကျေးရွာဟာ တိုက်နယ်အဆင့်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတာဖြစ်တဲ့အတွက် အခုလို သေဆုံး ဒဏ်ရာရတာတွေ ဖြစ်တာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် တန့်ဆည်မြို့ထဲမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေရှိပြီး စစ်ရေးတင်းမာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တဆက်တည်းမှာဘဲ ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်မှာလည်း စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပြပါတယ်။

“မြိုင်ရယ်၊ ရေစကြိုရယ်၊ ပခုက္ကူ အစပ်က ရှင်မတောင် မှာ ပစ်သွားတာ။ ရွာဆို အဲ့ ရှင်မတောင် အရှေ့က တဲစုတွေဘာတွေ အကုန်ပစ်သွားတာ။ အဲ့ ရှင်မတောင် ပေါ်မှာ (စစ်တပ်အင်အား) ၃၀ လောက်ရှိတယ်။ ကျွန်တော်တို့ အကုန်လုံး တော်လှန်ရေးအဖွဲ့တွေက ဖြတ်တောက်ထားတော့ကျတော့ အပေါ်မှာ ဆန်ပြုတ်သောက်နေရတယ်လို့ ကြားတယ်။ အဲ့မှာ ၂၅၈ တပ်က ရေစကြိုတပ်က ကားနဲ့ ရိက္ခာပို့ချင်လို့ ရိက္ခာပို့ရင်းနဲ့ လေကြောင်းက ပစ်ကူပေးတာပေါ့။”

စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးအဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရိက္ခာလာရောက်ပို့ဆောင်တဲ့ ကားတွေကို ကာကွယ်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတဲ့အတွက် အခုလို လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းပြီးမှ မြေပြင်ဝေဟင်ကနေ တဆင့် စားနပ်ရိက္ခာ လက်နက်တွေ ပို့ဆောင်နေရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG