သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်ပိုင်း PNLA နယ်မြေသိမ်းတိုက်ပွဲ ဆက်ပြီးပြင်းထန် 


ရှမ်းပြည်တောင်ပိုင်းမှာ PNLA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွား (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)
ရှမ်းပြည်တောင်ပိုင်းမှာ PNLA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွား (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လေကြောင်းကတိုက်ခိုက်တာကြောင့် နေအိမ် ၈လုံးမီးလောင်ခဲ့ပြီး ထမ်းဆမ်းဂူအနီး ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA ကတော့ အဲဒီတိုက်ပွဲအတွင်း အရာရှိ ၅ ဦး အပါအဝင် စစ်ကောင်စီဘက်က ၁၆ ယောက်သေဆုံးကြောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဟိုပုံးမြို့နယ်အတွင်းက နောက်ဆုံးရ သတင်းကို ကိုစည်သူ က တင်ပြထားပါတယ်။

ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဒီလ ၂၀ရက်နေ့က စတင်ခဲ့ပြီး တနင်္ဂနွေနေ့ကတော့ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့သလို လေကြောင်းက တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးတာတွေ ရှိနေပါတယ်။ တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ မနေ့ကတော့ လွယ်ဝိုးတုတ်ဘက်မှာ ချနေကြတယ်။ အဲဒီမှာ မြေပြင်ထိတွေ့မှုလည်းဖြစ်တယ်။ လေယာဉ်နဲ့လည်း ၃ ခေါက်လား ။ ၄ခေါက်လား မသိဘူး ဗုံးလာချသွားတယ်။ ရွာကို။ မနေ့ကတော့ အိမ်၈လုံးလားမသိဘူး မီးလောင်တယ်။ ထမ်းဆမ်းဂူမှာ လက်နက်ကြီး ထိုင်ပြီးတော့မှ အဲဒီမှာ တောင်ပစ်၊ မြောက်ပစ် ချနေကြတာ။ အဲဒီ ထမ်းဆမ်းဂူ၊ မိုင်းပွန်- ဟိုပုန်း ထမ်းဆမ်းဂူကြားက ရွာတွေကတော့ ရှောင်ကုန်ပြီ။ ဘာဖြစ်လို့လဲဆို လက်နက်ကြီးက ရမ်းသမ်းပစ်နေတော့လေ။ တိုင် တစ်ထောင်။ တိုင် တစ်ထောင် ဓမ္မာရုံကတော့ ဒရုံးနဲ့ ဗုံးလာချသွားတယ်။ တိုင်တစ်ထောင်က ထမ်းဆမ်းဂူ ဓမ္မာရုံကြီး။ ”

တိုင်တစ်ထောင်ဓမ္မာရုံကို ဒရုံးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်သလဲဆိုတာကို သတင်းထုတ်ပြန်တာ မတွေ့ ရသေးပါဘူး။ ဒေသခံတွေကတော့ ထမ်းဆမ်းဂူ ရွှေတိဂုံပုံတူစေတီကုန်းမှာ စစ်ကောင်စီရဲ့ အမြောက်တပ်က လာရောက် တပ်စွဲပြီးနောက် ဗုံးချတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။ ပအိုဝ်းလူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတဦးကလည်း လက်ရှိ ဟိုပုံးမြို့နယ်အတွင်း အခြေအနေကို အခုလို ပြောပါတယ်။

“ မနေ့ကအထိတော့ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားတုံး အနေအထားမှာဖြစ်တယ်။ ထမ်းဆမ်းဂူနဲ့ မိုင်းပွန်မြို့အကြား အဲဒီ လမ်းမကြီးဘေးရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ပုံအယ်ကျေးရွာ၊ လွယ်ဝိုးတုတ်၊ ပန်ဟဲနဲ့ တခြားနီးစပ်ရာကျေးရွာက ဒေသခံတွေက အခုလောလောဆည်တော့ တိမ်းရှောင်ရတဲ့ အနေအထားမျိုးမှာ ဖြစ်တယ်ပေါ့။ မနေ့က လွယ်ဝိုးတုတ်ကျေးရွာကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပြီး ပစ်တဲ့ဟာ မျိုးတွေကြောင့် အဲဒီနားမှာ ရှိတဲ့ ရွာသားတွေက တခြားမြို့နယ်ကို ဝင်ပြီးမှ စစ်ရှောင်တာမျိုးတွေ ရှိတယ်။”

စစ်ရှောင်သူတွေဟာ ဟိုပုံး၊ ကျောက်တန်းဘက်တွေ တိမ်းရှောင်ပေမဲ့ အများစုက တောတောင်တွေအတွင်းမှာ ပုန်းရှောင်နေကြကြောင်းနဲ့ တချိန်တည်းမှာတော့ PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဒေသခံ ပအိုဝ်းလူငယ်တွေကို စစ်သင်တန်းပေးပြီး ရှေ့တန်းကို စေလွှတ်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLAကတော့ တနင်္ဂနွေနေ့က ဟိုပုံးမြို့နယ်အရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က သေဆုံးသူ ၁၆လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်းယံက ပြောပါတယ်။

“ မနေ့ကတော့ ဟိုပုံးမြို့နယ် အရှေ့ဘက်တနေရာမှာပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တာပေါ့နော်။ ဒီ စစ်ကောင်စီ စစ်ကြောင်းပေါ့။ မိုင်းပွန်ဘက်ကနေ စစ်ကြောင်း ထိုးလာတာပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ သူတို့ အလောင်း ၁၆လောင်း ကျန်ခဲ့တယ်ပေါ့။ သေဆုံးတဲ့အထဲမှာ ဗိုလ်မှုး ၂ဦး၊ ဗိုလ်ကြီး ၃ဦး ပါတယ်ပေါ့နော်။ သေနတ်က ၁၅လက်၊ ဒရုံးပစ်လက်နက် ၁လက်ရယ်။ ပြီးတော့ ပစ္စတို ၁လက်ရယ်။ လက်နက်ခဲယမ်း ကျည်ဆံတွေ သိမ်းဆည်းရမိတာပေါ့။ ဒီဟိုပုံး၊ မိုင်းပွန်လမ်းကတော့ လက်ရှိအခြေအနေမှာက စစ်ကောင်စီက လမ်းပိတ်ထားဆဲဖြစ်တယ်လို့ သိရတာပေါ့။ ၅ရက်- ၆ရက်လောက် ရှိပြီ ပေါ့လေ။ ”

ကားလမ်းပိတ်ထားတဲ့ကာလမှ ယာဉ်အသွားအလာ မလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ဟိုပုံး- မိုင်းပွန်လမ်းပိတ်ထားတာကြောင့် ကုန်ကားအကြီးတွေ ပိတ်မိတာရှိသလို ကားအသေးအချို့ကတော့ ထမ်းဆမ်းဂူကနေ ကျောက်တန်း က တဆင့် ပင်လုံဘက်ကို သွားတာရှိကြောင်းနဲ့ လမ်းခရီးအတက် ၊ အဆင်းကြမ်းတာကြောင့် မော်တော်ယာဦ ၁၀စီးထက်မနည်း တိမ်းမှောက်တာရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီ၊ PNA ပြည်သူ့စစ်တွေနဲ့ PNLA ၊ မဟာမိတ်တွေအကြား တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၂၁ရက်နေ့က စတင်ဖြစ်ခဲ့တာပါ။ ၂၄ ရက်နေ့မှာ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တလခန့်အကြာမှာ ဟိုပုံးမြို့နယ်ဘက်ထိ စစ်ပွဲတွေ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG